ဒီတပတ် ကိုရီးယားအစားအစာတွေထဲမှာ နာမည်ကျော်ဟင်းလျာတမျိုးဖြစ်တဲ့ ဘူဒယ်ဂျီဂဲ (Army Stew) ချက်နည်းကို ပြောပြချင်ပါတယ်။ ပူစပ်စပ်နဲ့ စစ်တပ်စတိုင်ချက်ပြုတ်ထားတဲ့ Army Stew မှာ အသီးအရွက်၊ အသင့်စားခေါက်ဆွဲတွေ၊ တော့ပုကီနဲ့ ချိစ်အပြားတွေ ထည့်ပြီး ပူစပ်စပ်ချက်ထားတဲ့ အရည်သောက် တမျိုးပါ။
ဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းအရေအတွက်က ၄ ယောက်စာအတွက်ပါ။
ကြက်ပြုတ်ရည် – ၁ လီတာ
အသားပြား – ၂၀၀ ဂရမ်
ကြက်ဥချောင်း – ၄ ချောင်း
ပဲပြား – ၂၅၀ ဂရမ်
မှိုမျိုးစုံ – အနည်းငယ်စီ
ကင်မ်ချီ – ၁ ခွက်ခွဲ
အသင့်စားခေါက်ဆွဲ – ၁ ထုပ် (သို့) ၂ ထုပ်
တော့ပုကီ – ၅၀ ဂရမ်
ကြက်သွန်မြိတ် – အနည်းငယ်
ချိစ်အပြား – ၂ ခု (သို့) ၃ ခု
အရည်ထဲထည့်ဖို့အတွက် ကိုရီးယားငရုတ်အနှစ် စာပွဲတင်ဇွန်း ၂ ဇွန်း၊ ဆန်အရက် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာ ရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ ၊ သကြား၊ ငရုတ်မှုန့် စားပွဲတင်ဇွန်း တဝက်၊ ငရုပ်ကောင်းမှုန့် အနည်းငယ် လိုအပ်ပါတယ်။ အားလုံးကို ခွက်တလုံးထဲ သမအောင် သေချာမွှေပြီး ခဏဘေးဖယ်ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ချက်ရတဲ့အပိုင်းက မခက်ပါဘူး။ Army Stew ထဲထည့်မယ့် ဟင်းချက်ပစ္စည်းတွေကို အနေတော်အရွယ် လှီးထားပါ။ လှီးထားတဲ့ အသီးအရွက်၊ အသားပြားနဲ့ ကြက်ဥချောင်းတွေကို ဒယ်အိုးပြားထဲကို အစီအရီထည့်လိုက်ပါ။
ပြီးရင် ကြက်ပြုတ်ရည်လောင်းထဲပြီး စပ်ထားတဲ့ ငရုတ်နှစ်အရည်ကို ရောထည့်ပါ။ မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူ ဆူလာရင် အသင့်စားခေါက်ဆွဲခြောက်ထုပ် ဖောက်ထည့်လိုက်ပါ။ ကြက်ဥထည့်ရတာကြိုက်တဲ့သူဆိုလည်း ထည့်နိုင်ပါတယ်။ ချခါနီးမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ရယ်၊ ချိစ်ပြားရယ်အပေါ်ကတင်လိုက်ရင် ပူစပ်စပ် နဲ့ ခံတွင်းမြိန်စေတဲ့ Army Stew တခွက်ပြည့်စုံသွားပါပြီ။
ဆက်စပ်ဖတ်ရှုရန် – ပူစပ်စပ် အရသာကို တခဏအတွင်း ပြေပျောက်စေမယ့် အရည် ၃ မျိုး
Ref: My Korean Kitchen