ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံက Samut Prakarn ဆိုတဲ့ ပြည်နယ်မှာ တနင်္လာနေ့က ဖြစ်ခဲ့တာပါ။ မွေးကင်းစ ကလေးငယ် တဦးဟာ တိုက်ခန်းရဲ့ ၅ လွှာကနေ ပြုတ်ကျခဲ့ပေမယ့် ကံကောင်းစွာနဲ့ သေကံ မရောက်ခဲ့ပါဘူး။ သူပြုတ်ကျတဲ့ နေရာအောက်မှာ ငှက်ပျောတော ရှိနေတာကြောင့် အသက်ကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ရဲတွေကတော့ ကလေးငယ်ရဲ့မိခင်ဟာ တိုက်ကနေပစ်ဖို့ ကြံရွယ်ခဲ့တယ်လို့ သံသယ ရှိနေပါတယ်။ ကလေးငယ်ရဲ့အမေဟာ အိမ်ထောင်ကွဲဖြစ်နေတာကြောင့် ဒီလိုမျိုး ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆပုံပါပဲ။ သူတို့အနေနဲ့ ကလေးငယ်ရဲ့ အမေကို လိုက်လံရှာဖွေနေဆဲလို့ ဆိုပါတယ်။
သနားစရာ ကလေးငယ်ဟာ ဒဏ်ရာကြီးကြီးမားမား ထိခိုက်မှု မရရှိခဲ့ပါဘူး။ ငှက်ပျောပင်တွေရဲ့ အကိုင်းအခက်တွေ ခံနေလို့သာ မြေပေါ်တိုက်ရိုက်ပြုတ်ကျပြီး ဒဏ်ရာကြီးကြီးမားမား ရမယ့် ဘေးကနေ လွတ်ခဲ့တာ ဖြစ်ပါတယ်။ ငှက်ပျောရွက် တော်တော်များများကတော့ ကြေမွပျက်စီးနေပြီး ကလေးငယ်ကတော့ ပုရွက်ဆိတ် ကိုက်ခံထားရတဲ့ အနာတွေတော့ ရှိနေပါတယ်။
အဲဒီ တိုက်မှာရှိတဲ့ အိမ်အကူရဲ့ ပြောပြချက်အရ နံနက်ခင်းပိုင်းမှာ ငှက်ပျောခြံထဲကနေ ကလေးငိုသံ ကြားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သွားတော့ မကြည့်ခဲ့ပါဘူး။ မနက် ၁၀ နာရီလောက်မှာပဲ ကလေးငိုသံတွေ ခဏခဏ ထပ်ကြားရတာကြောင့် အိမ်နီးနားချင်းတွေကို ပြောပြပြီး စုံစမ်းတဲ့ အခါမှာ ငှက်ပျောပင်အောက်က မြက်ခင်းထူထူပေါ်မှာ လဲကျနေတဲ့ ကလေးငယ်ကို တွေ့ခဲ့ရပါတယ်။
ဒီလို တွေ့ရတဲ့အခါမှာ ကလေးငယ်ကို ကယ်ဆယ်ပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။ အကြောင်းကြားပြီး မကြာခင်မှာပဲ ရဲတွေဟာ သူနာပြု၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ရောက်ရှိ ခဲ့ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ဖို့အတွက် ကလေးငယ်ကို ဆေးရုံခေါ်ဆောင်သွားပြီး ကလေးငယ်ရဲ့ မိခင်ကိုတော့ စုံစမ်းမေးမြန်းမှုလုပ်ဖို့ ရဲတွေရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ မိခင်က ရှိမနေသလို သေကံမရောက်ခဲ့တဲ့ ကလေးငယ်အတွက် လူတွေကတော့ စိတ်မကောင်းဖြစ်နေကြမှာ အမှန်ပါပဲ။
Thai PBS World တွင် ရေးသားထားသော Baby miraculously survives fall from apartment building သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။