Lifestyle

လျှိုမြောင်ထဲ ပြုတ်ကျသွားတဲ့ နိုင်ငံခြားသားကို ရာသီဥတုကြောင့် ကယ်ဆယ်ရန် ကြန့်ကြာနေ

ထိုင်းနိုင်ငံ၊ ကန်ချာနာဘူရီ (Kanchanaburi) မှာ ဗုဒ္ဓဟူးနေ့က အလွန်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ဒဏ်ရာရ နိုင်ငံခြားသား ခရီးသွားဧည့်သည်ကို ကယ်တင်ဖို့ ကြန့်ကြာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနိုင်ငံခြားသားဟာ Khao Laem အမျိုးသားဥယျာဉ်ထဲမှာရှိတဲ့ လျှိုမြောင်တခုထဲ ပြုတ်ကျခဲ့တာဖြစ်ပြီး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးကတော့ “ရာသီဥတုပြန်ကောင်းလာတဲ့အထိ ကျနော်တို့ စောင့်နေရမှာပါ” လို့ ပြောကြားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုဟာ ဘာကိုမှ မမြင်ရအောင် ဆိုးရွားနေတာလည်း ဖြစ်ပါတယ်။ ဟယ်လီကော်ပတာ အသုံးပြုဖို့ကလည်း ရာသီဥတု အခြေအနေကြောင့် မသေမချာ ဖြစ်နေတာလို့လည်း သိရပါတယ်။

Surasi မှာ လေ့ကျင့်ရေးဆင်းနေတဲ့ စစ်သားတွေရဲ့ ကယ်ဆယ်ရေးအစီအစဉ်ကတော့ လူနာတင်စင်ပေါ် ဒဏ်ရာရနိုင်ငံခြားသားကို တင်ဆောင်ပြီး သစ်တောကို ဖြတ်ကာ ၂ ကီလိုမီတာ အကွာအဝေးလောက်ထိ သယ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အဲဒီအခါကျမှသာ ဟယ်လီကော်ပတာ ဆင်းသက်ဖို့ နေရာ အခက်အခဲ မရှိမှာဖြစ်ပြီး ကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လျှိုမြောင်ထဲကို ပြုတ်ကျသွားတဲ့ နိုင်ငံခြားသားခရီးသွားကတော့ Niphon ဆိုသူဖြစ်ပြီး လျှိုမြောင်ရဲ့မီတာ ၃၀ ကျော်ခန့်အထိ ပြုတ်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနေရာနဲ့ အနီးစပ်ဆုံးကတော့ အမျိုးအသား ဥယျာဉ်အတွင်းမှာရှိတဲ့ Roi Wa ရေတံခွန် ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒဏ်ရာရနိုင်ငံခြားသားဆီ ရောက်ရှိသွားပေမယ့် သူ့ကို အပြင်ကယ်ထုတ်ဖို့တော့ ခက်ခဲနေဆဲလို့ သိရပါတယ်။ ဆေးဝါးကယ်ဆယ်ရေးကတော့ Niphon ဟာ ညာဘက်ခြေထောက် ကျိုးသွားခဲ့တာဖြစ်ပြီး ဦးခေါင်းမှာလည်း ဖူးရောင်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကယ်ဆယ်ရေးမှာဆိုရင်တော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ စစ်သားပေါင်း ၆၀ ခန့်ပါဝင်နေပေမယ့် Niphon ကို ကယ်တင်ဖို့အတွက် ရာသီဥတုအခြေအနေဟာ အခုအချိန်ထိ မျက်နှာသာ မပေးသေးဘူးလို့လည်း သိရှိရပါတယ်။

Bangkok Post တွင် ရေးသားထားသော Injured tourist rescued from forest ravine in Khao Laem သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Loading