Single Mother တယောက်အဖြစ် ရပ်တည်ပြီး သမီးလေး Ivy နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ အေသင်ချိုဆွေဟာ သူ လိုချင်ခဲ့တဲ့ နွေးထွေးမှုတွေဟာ သမီးလေးရောက်လာမှ ရလာတာပါလို့ ဆိုပါတယ်။
“အနုပညာတွေ ပြန်လုပ်တဲ့အချိန်မှာ အရင်ကပုံစံနဲ့မတူဘဲ ဆိုတဲ့ပုံစံတွေတော့ တူအောင်ကြိုးစားသွားမှာပါ။ သမီးလေးအတွက် သီချင်းရေးထားတာ ၂ ပုဒ်ရှိတယ်။ မအိမ့်ချစ်က တပုဒ်ရေးပေးထားတယ်။ ကိုမိုးထက်ကိုလည်း တပုဒ် အပ်ထားတယ်။ အေသင် လိုချင်တဲ့ ပုံစံလေးတွေ ပြောထားတယ်။ ပရိသတ် နားထောင်မယ် ဆိုတာထက် သမီးကြီးလာရင် နားထောင်ဖြစ်ပြီး Strong ဖြစ်အောင်မယ့် ပုံစံလေးရေးခိုင်းထားတယ်” လို့ အေသင်ချိုဆွေက ပြောပါတယ်။
“သီချင်းလေး သွင်းပြီးသွားရင် လိုင်းပေါ်ကပဲ တင်ပေးမှာပါ။ မအိမ့်ချစ်က အေသင် Single Mom လို့ သိလိုက်တဲ့အချိန်က ‘ညီမလေးကို အစ်မ သီချင်းတပုဒ် ရေးပေးမယ်’ ဆိုပြီး သူ့ဘာသာရေးပြီး အကြမ်းလေး ပို့ပေးလိုက်တာ ကိုယ်ပါနားထောင်ပြီး မျက်ရည်ကျရတယ်”လို့ အေသင်ချိုဆွေက ဆိုပါတယ်။
“သမီးလေးက အခု ကိုယ့်ထက်ပိုပြီး ဆယ်လီဖြစ်နေတယ်။ ဒါပေမယ့် အကုန်လုံးကချစ်ပေးကြတာ့ ပျော်ပါတယ်။ တခါတလေ သူလည်း ပင်ပန်းတာပေါ့။ သူ့ကို မြန်မာဝတ်စုံလေးတွေ ဝတ်ပေးဖြစ်တာက ကိုယ်တိုင်က မြန်မာလိုလေးတွေ သိပ်မဝတ်ဖြစ်ဘူး။ သူ့ကို မြန်မာဝတ်စုံတွေနဲ့လည်း ချစ်လို့။ ပုံလေးတွေလည်း သူ့အတွက် အမှတ်တရဖြစ်စေချင်လို့ မြန်မာလိုလေးတွေဝတ်ပြီး ပုံလေးတွေ ရိုက်ဖြစ်တယ်” လို့ အေသင်ချိုဆွေက ပြောပါတယ်။
အေသင်ချိုဆွေကတော့ သူ့ကို အမြင်ကပ်ရင်တောင် သမီးလေးကို ချစ်ပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ရသလို ပိုပြီးလည်းချစ်ပေးကြပါလို့ ဆိုပါတယ်။
“သမီးလေးကို ဝိုင်းပြီး ချစ်ပေးဖြစ်လို့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို အမြင်ကပ်ရင်တောင် သမီးလေးကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ပိုပြီးလည်း ချစ်ပေးကြပါလို့လည်း ပြောချင်ပါတယ်။ Single Mom လို့ ကိုယ့်ကို သိတဲ့အချိန်မှာ ကိုယ့်ကိုလည်း ဝေဖန်ပြောဆိုတာတွေထက် ကြိုဆိုကြတယ်။ သမီးလေးကိုလည်း ချစ်ပေးကြတော့ လွတ်လွတ်လပ်လပ်နဲ့ နေလို့ အဆင်ပြေသွားတယ်။ အေသင်ကလည်း ကလေးကို ချစ်စေချင်တယ်။ အဲ့တာကြောင့် ပြောပြလိုက်တယ်။ လက်ခံပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ အေသင်ချိုဆွေက ပြောပါတယ်။
သမီးလေးအပေါ် အချိန်ပေးဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း အေသင်ချိုဆွေက အခုလိုပဲ ပြောပါတယ်။
“အပြင်သွားတဲ့ အချိန်ကလွဲလို့ အိမ်မှာ တူတူနေပေးတယ်။ အိမ်မှာ ဦးလေးရှိတယ်။ အဲ့ဦးလေးကို အဖေလို့ ထင်နေတော့ ဦးလေးကိုလည်း ကပ်တယ်။ အမေကိုတော့ ပိုကပ်တယ်။ သမီးလေးက လူလည်း မကြောက်ဘူး။ ပျော်ပျော်နေတတ်တယ်။ အနုပညာကိုလည်း ဝါသနာပါတယ် ထင်တယ်။ သူသာ အနုပညာ ဝါသနာပါမယ်ဆိုရင် ပညာရေးကို ဆုံးခန်းတိုင်မှပဲ ဆက်လုပ်ခိုင်းမှာပါ” လို့ အေသင်ချိုဆွေက ပြောပါတယ်။
သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။
“အနုပညာအလုပ်အနေနဲ့ ‘ကမ္ဘာကြီးလောက်’ သီချင်းကို အွန်လိုင်းကနေ တင်ပေးထားတယ်။ ‘အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး’ ဆိုတဲ့ သီချင်းလေးကို Music Video လေး ရိုက်မယ်။ နောက်လလောက်တော့ တင်ပေးမယ်။ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင်တော့ ရိုက်သွားမှာပါ။ အရင်က ထွက်ထားတဲ့ သီချင်းထက် အခုထွက်ထားတဲ့ သီချင်းတွေကို ပိုကြိုက်တယ်။ ကိုယ့်ရဲ့ အကြိုက်ထက် ပရိသတ်အကြိုက်ကိုလည်း လုပ်ဖြစ်တယ်။ ကွာလတီကောင်းကောင်းလေးတွေကို ပိုပြီးလုပ်ဖြစ်တယ်”လို့ အေသင်က ဆိုပါတယ်။
အေသင်ချိုဆွေဟာ “ပေါက်တဲ့အိုး”ဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး “အနီးဆုံးလူ နမ်းမှာလား” ၊ “Play Boy” စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။