ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ Apple ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရှေ့လ Apple Store ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး Apple Store ဖြစ်ပြီး၊ ၂၀၁၇ခုနှစ် တုန်းက စင်ကာပူမှာ ဖွင့်လှစ်ခဲ့တဲ့ Apple Store ပြီးနောက်၊ အရှေ့တောင်အာရှရဲ့ ဒုတိယမြောက် Apple Store လည်း ဖြစ်ပါတယ်။
Apple Iconsiam လို့ အမည်ပေးထားပြီး၊ ရှေ့လအတွင်းမှာပဲ စတင်ဖွင့်လှစ်မယ့် ဘန်ကောက်မြို့ရဲ့ အကြီးဆုံးကုန်တိုက် Iconsiam မှာ ဖွင့်သွားမှာဖြစ်ပါတယ်။ Chao Phraya မြစ်ကို အပေါ်စီးကနေ လှမ်းမြင်နေရမယ့်၊ Iconasim ကုန်တိုက် အလယ်တည့်တည့်နေရာမှာ တည်ရှိပြီး၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီထိုးမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘန်ကောက် Apple Store ရဲ့ အမှတ်တံဆိပ်ကို ထိုင်းအက္ခရာ “อ” နဲ့ တူအောင် အနည်းငယ်ပြင်ဆင်ထားပါတယ်။ iPhone ၊ iPad ၊ Mac ၊ Apple TV ၊ Apple Watch နဲ့ တခြားပြင်ပ Apple ဆက်စပ်ပစ္စည်းအစုံအလင်ကို ရောင်းချသွားမှာပါ။
ဝယ်ယူသူတွေအတွက် ပစ္စည်းပြင်ဆင်မှုနဲ့ နည်းပညာဆိုင်ရာအကူအညီတွေ ပေးအပ်မယ့် “Genius Bar” လည်း ဘန်ကောက် Apple Store မှာ ပါဝင်မှာဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။
တကမ္ဘာလုံးမှာ လက်ရှိ Apple Store ပေါင်း ၅၀၄ ခုရှိပြီး၊ ၂၇၁ စတိုးလောက်က အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဖြစ်ပါတယ်။ အာရှတိုက်မှာဆိုရင် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံတွေမှာပဲ ရှိပါသေးတယ်။
Apple ဟာ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာနဲ့ ဗီယက်နမ်တို့မှာလည်း Apple Store တွေကို ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ သိရှိရပါတယ်။
Ref: Bangkok Post, Tech Crunch