လူတွေမှာ အကြိုက်တမျိုး ကိုယ်စီ၊ ခံယူချက်ကိုယ်စီ ရှိကြပါတယ်။ တချို့က စာအုပ်ဖတ်၊ ရုပ်ရှင်ကြည့်တဲ့အခါ ဇာတ်သိမ်းကို ကြိုသိချင်ကြပေမယ့် တချို့ကျတော့ သူများပြောတာလက်မခံဘဲ ကိုယ်တိုင် အဆုံးထိ ကြည့်ချင်တဲ့သူမျိုးတွေ ရှိကြပါတယ်။
သင်ကိုယ်တိုင်က ဖတ်လက်စ စာအုပ်ကို သဘောအရမ်းကျတဲ့ အခါမျိုးမှာ ဇာတ်သိမ်း လာပြောပြတာကို မကြိုက်တဲ့သူ အစားထဲမှာလည်း ပါနိုင်ပါတယ်။ အခုပြောပြမယ့် သိပ္ပံပညာရှင်ကတော့ ဒီလို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့သူကို ဓားနဲ့ ထိုးလိုက်တာပဲဖြစ်ပါတယ်။
Sergey Savitsky နဲ့ Oleg Beloguzov တို့ဟာ Bellingshausen Research Station မှာအလုပ်အတူတူ လုပ်လာတာ ၄ နှစ်ရှိပါပြီ။ နှစ်ဦးလုံးက ခင်မင်ကြသလို၊ အလုပ်မှာလည်း တော်တဲ့သူတွေ ဖြစ်ကြပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မှာတော့ Savitsky ဟာ မီးဖိုချောင်ထဲက ဓားနဲ့ Beloguzov ရဲ့ ရင်ဘတ်ကို ထိုးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်ရပ်ဟာ ပထမဆုံးဖြစ်ပြီး ထူးဆန်းတဲ့အမှုလို့ သတ်မှတ်ခံလိုက်ရပါတယ်။ စုံစမ်းမှုလုပ်တဲ့အခါ ဓားနဲ့ထိုးရတဲ့ အကြောင်းအရင်းက Savitsky ကို စာအုပ်ရဲ့ဇာတ်သိမ်း ခဏခဏပြောပြနေလို့ပဲ ဖြစ်ပါတယ်။
ရုရှားမီဒီယာတွေရဲ့ပြောပြချက်အရ ဒီသိပ္ပံပညာရှင်နှစ်ဦးဟာ စာဖတ်ခြင်းကို အလွန်နှစ်သက်ကြပါတယ်။ ဒီလို အထီးကျန်တဲ့ လေ့လာရေးနေရာမှာ အချိန်ကုန်ဖို့အတွက် စာအုပ်ကိုသာဖတ်ရင်း မေ့ပျောက်အောင် နေလေ့ရှိကြပါတယ်။ သို့သော် Beloguzov ဟာ စာအုပ်တွေကို သူဖတ်ပြီးတိုင်း ဇာတ်သိမ်း လိုက်လိုက်ပြောတဲ့ အကျင့် ရှိပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့မှာတော့ Savitsky ဟာ သည်းမခံနိုင်တဲ့ အဆုံး မီးဖိုချောင်က ဓားနဲ့ ထိုးလိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ Beloguzov ကို ဆေးရုံအချိန်မီ တင်လိုက်နိုင်တဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားသလို အခုတော့ ပြန်ကောင်းနေပြီလို့ သိရပါတယ်။
Savitsky က အခု ဓားထိုးမှုအတွက် အထိန်းသိမ်းခံနေရတာဖြစ်ပြီး သူ့အနေနဲ့ လုပ်ဖော်ကိုင်ဖက် ကို သေစေလိုတဲ့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ရဲတွေကတော့ မှုခင်းဖြစ်တဲ့အချိန်မှာ တရားခံဟာ အရက်သေစာ သောက်စားခြင်း ရှိ၊ မရှိနဲ့ အခြား အကြောင်းအရာတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
Savitsky ရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီလိုဖြစ်ရပ်မျိုး ဖြစ်နိုင်ချေ ရှိ၊ မရှိ အငြင်းပွားနေကြပါတယ်။ လူတွေဟာ ကိုယ်အမြတ်တနိုး တန်ဖိုးထားတာနဲ့ ပတ်သက်ပြီး နောက်ပြောင်တာမျိုး လုပ်လေ့ရှိပါတယ်။ သည်းခံနိုင်စွမ်း ကုန်တဲ့အထိ နောက်ပြောင်ခြင်းဟာ ဒေါသကို ဆွပေးပြီး ဒီလိုဖြစ်ရပ်မျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ သူများတကာကို မခံနိုင်တဲ့အထိ နောက်ပြောင်တာမျိုးတွေ ရှောင်ကြဉ်တာ အကောင်းဆုံး အမူအကျင့်တခု ဖြစ်သလို ဒီလိုဖြစ်ရပ်မျိုးကနေ အလွန်အကျွံ မစနောက်ဖို့၊ သူများတကာ မကြိုက်တာကို မလုပ်ဖို့ သင်ခန်းစာရရှိမှာ ဖြစ်ပါတယ်။
Ref : www.odditycentral.com