သစ္စာတရားဆိုတာ လူမှာမှ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေမှာလည်း ရှိတတ်ပါတယ်။ အထူးသဖြင့်ခွေးတွေဟာ သခင်အပေါ်သစ္စာစောင့်သိပြီး ချစ်တာကြောင့်လူတွေဟာ အထီးကျန်တဲ့အခါ ခွေးလေးတွေမွေးကြတာဖြစ်ပါတယ်။
ခွေးနဲ့ပတ်သက်ပြီး Hachiko ကားကို ကြည့်ဖူးသူတိုင်း မျက်ရည်မဆယ်နိုင်အောင် ခံစားဖူးကြမှာပါ။ Hachiko လို သခင့်အပေါ် တကယ်သစ္စာစောင့်သိတဲ့ ခွေးလေးတွေအပြင်မှာလည်း တကယ်ရှိပါတယ်။
သူကတော့ အာဂျင်တီးနားက ခွေးလေး Captain ပဲဖြစ်ပါတယ်။ သူ့သခင်ကသေဆုံးသွားတာ ၁၀ နှစ်ရှိပြီဖြစ်ပေမယ့်လည်း အုတ်ဂူနားမှာပဲ သခင့်ပြန်အလာကို နေ့တိုင်းစောင့်မျှော်နေခဲ့တာပါ။ Captain ရဲ့သခင်ဖြစ်သူ Miguel Guzman ဟာ ၂၀၀၆ ခုနှစ်က သေဆုံးသွားခဲ့တာပါ။
သူသေဆုံးပြီး လအနည်းငယ်ကြာတဲ့အချိန်မှာတော့ Captian ဟာအိမ်ကနေပျောက်ချင်းမလှပျောက်သွားပါတယ်။ Migule Guzman ရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းရဲ့အုတ်ဂူကို သွားကြည့်တဲ့အချိန်မှာတော့ ဘေးနားမှာစောင့်နေတဲ့ခွေးလေးကို တွေ့လိုက်ရတာဖြစ်ပါတယ်။ သူမနဲ့သားဖြစ်သူတို့ဟာ ခွေးလေးကိုအိမ်ပြန်ခေါ်ဖို့ အခေါက်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် ခွေးလေးကတော့ သူ့သခင်ရဲ့အုတ်ဂူမှာပဲအမြဲရှိလို့ နေပါတယ်။
နောက်ဆုံးတော့ခွေးလေးကိုပြန်ခေါ်ဖို့ကို လက်လျှော့လိုက်ပါတော့တယ်။ အုတ်ဂူမှာစောင့်နေတာ နှစ်အနည်းငယ်ကြာ တဲ့အခါ Captain ဟာ ကျန်းမာရေးလည်း သိပ်မကောင်းတော့ပါဘူး။ သင်္ချိုင်းစာင့်က သူ့ကိုချစ်တာကြောင့် ကောင်းမွန်စွာကျွေးပြီးစောင့်ရှောက်ထားပေမယ့် အမြင်အာရုံတွေချို့တဲ့နေသလို လမ်းတောင်မှ ကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ ခွေးလေးဟာ အခုဆို အသက် ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။
ခွေးလေးကို သနားတာကြောင့်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တာတွေကို လုပ်ပေးနေပေမယ့် သူကတော့ သခင်နဲ့ပြန်ဆုံစည်းဖို့နေ့ကိုသာ စောင့်လို့နေပါတယ်။
” အံသြစရာကောင်းတာက ခွေးလေးဟာ သူ့သခင်သေပြီးလအတော်ကြာတာတောင် အနံ့ကိုမမေ့သေးတာပါပဲ။ သူ့သခင်က တခြားနေရာမှာ သေဆုံးပြီးဒီသင်္ချိုင်းမှာ ပြောင်းရွှေ့မြှုပ်နှံထားတာပါ။ သူဘယ်လိုများရှာပြီး ဒီသင်္ချိုင်းကိုရောက်လာသလဲဆိုတာတော့ အံ့သြစရာပါဘဲ။ ဒီခွေးနဲ့ သူ့သခင်ကြားမှာတော့ ဆက်သွယ်မှုတခုခုရှိနေမယ်ထင်ပါတယ်” လို့ သင်္ချိုင်းစာင့်က ပြောပါတယ်။
အခုဆိုရင်တော့ Captain ဟာ သူ့သခင်ကိုစောင့်တာ ၁၀ နှစ်ရှိပါပြီ။ ၁၀ နှစ်ဆိုတာဟာ သာမန်ခွေးတကောင်ရဲ့ သက်တမ်းတခုဖြစ်တာကြောင့် သူစောင့်ဆိုင်းနေတာ ဘဝတတလျှောက်လုံးစာရှိနေပါပြီ။ သခင်နဲ့ပြန်တွေ့ဖို့ကိုသာ မျှော်လင့်နေပြီး သူတို့နှစ်ယောက်ကို ကွဲကွာစေတဲ့ သေခြင်းတရားကိုတော့ Captain တယောက်နားလည်ပုံမပေါ်သေး ပါဘူး။
ဒီခွေးလေးရဲ့သခင့်အပေါ်ထားရှိတဲ့ ချစ်ခြင်းကို ကြားရတဲ့သူတွေကတော့ စိတ်မကောင်းဖြစ်နေသလို သူ့ကိုလည်း သနားနေကြပါတယ်။ တခါတလေကျတော့ ချစ်ခြင်းတရားဟာ လူနဲ့တိရစ္ဆာန်ကြားထဲမှာတောင် ဒီလောက်ခိုင်မြဲနေတာ အံ့သြစရာပါပဲ။