‘သင်’လို့ အမည်ရတဲ့ ဗီဒီယိုဇာတ်ကားဟာ အလှအပနဲ့ အပျော်အပါးမက်တဲ့ မိန်းကလေးငယ်တွေ စပွန်ဆာ အားကိုးမိတဲ့အတွက် လမ်းမှားရောက်တတ်ကြပုံတွေကို ပညာပေးအနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။
လက်ရှိ မြန်မာဗီဒီယိုဈေးကွက်အနေအထားက အေးနေပေမယ့် ပရိုဂျူဆာဘက်က လုပ်ပိုင်ခွင့်ပေးခဲ့တဲ့အတွက် ဒီဇာတ်ကားကို အချိန်ယူပြီး ရိုက်ကူးခဲ့တယ်လို့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
” ဒီဟာကတော့ ဒီနေ့ခေတ်မှာဖြစ်နေတဲ့ စပွန်ဆာဇာတ်လမ်းပေါ့နော်။ စပွန်ဆာတွေကို အခြေခံထားတဲ့ ဇာတ်လမ်း။ မိန်းကလေးတွေ ပိုက်ဆံမရှိတဲ့ အခါကျရင် သူတို့က လမ်းမှားရောက်သွားတယ်ပေါ့။ အဲဒီဟာက မကောင်းဘူးပေါ့နော်။ အဲဒါကို Message ပေးချင်တဲ့အနေနဲ့ ဒီဗီဒီယိုကားလေးကို ရိုက်ကူးဖြစ်တာပါ။ အဓိကကတော့ ပရိုဂျူဆာရဲ့ ကမ်းလှမ်းမှုရယ်၊ မင်းသားကလည်း ရိုက်ချင်တဲ့အခါကျတော့ သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းကို ရိုက်ဖြစ်တာပါ” လို့ မယ်မင်းဘုံက ဆိုပါတယ်။
လက်ရှိ မြန်မာဗီဒီယိုဈေးကွက် ပျက်နေတယ်ဆိုတဲ့အပေါ်ကိုလည်း ဒါရိုက်တာမယ်မင်းဘုံက သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။
“ဗီဒီယိုဈေးကွက်တွေ ကျဆင်းလာတဲ့အပေါ်မှာတော့ ဒါကအားလုံးသိတဲ့ အတိုင်း၊ ဗီဒီယိုဈေးကွက်အခြေအနေတွေက နည်းနည်းအေးတဲ့အနေအထားဘက်ကို ရောက်နေတာပေါ့။ ဒါပေမယ့် ပရိုဂျူဆာဘက်ကလုပ်ပိုင်ခွင့် ပေးတဲ့အခါကျတော့ ဒီလိုမျိုးသပ်သပ်ရပ်ရပ် အရည်အသွေးမြင့်တဲ့ ဇာတ်ကားလေးတကား ထွက်လာတာပါ”လို့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
ဒါ့အပြင် ဒီဇာတ်လမ်းဟာ အပြင်က ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပြီး ဒီဇာတ်ကားမှာ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်သစ် မင်းသားလီယိုရှိုင်းရဲ့ သရုပ်ဆောင်မှုတွေဟာ ထူးခြားပြီးဇာတ်ကောင်စရိုက်နဲ့လည်း ထပ်တူကျတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသား လီယိုရှိုင်းကလည်း အခုလိုဆိုထားပါတယ်။
“ဒီဇာတ်ကားထဲမှာပါတဲ့ ဦးမာန်ထက်က တကယ့်စီးပွားရေးလုပ်ငန်းရှင်၊ လက်ရှိအပြင်မှာရှိနေတဲ့ပုံစံမျိုးပဲ။ သူလုပ်စရာရှိတာ လုပ်တယ်။ သူအနားယူစရာရှိတာလည်း ယူတယ်။ ကျန်တဲ့အချိန်မှာ အနားယူတယ်။ မှန်တာပြောရရင် ကျနော်လည်း အပြင်မှာ အဲဒီလိုပဲ။ အလုပ်လုပ်စရာရှိလုပ်တယ်။ ခရီးသွားတယ်။ အဲဒီဇာတ်ကောင်စရိုက်က တော်တော်လေး ကောင်းပါတယ်” လို့ သရုပ်ဆောင်သစ် မင်းသား လီယိုရှိုင်းက ပြောပါတယ်။
ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆုအိမ့်စံကလည်း “ဆုဆုက ဒီကားမှာ တက်သစ်မင်းသမီးပေါ့။ ချစ်သူရှိတယ်။ ချစ်သူကလည်းပေးတယ်။ နောက်ပိုင်းကိုယ်ကပိုပိုပြီး လိုချင်နေတာပေါ့။ အဲ့မှာ စပွန်ဆာက အမ်းတာပေါ့။ အဲ့ဒီ ကာရိုက်တာလေးရိုက်ထားပါတယ်။ ကားလေးကကောင်းပါတယ်။ လူတိုင်းကသူ့စိတ်နဲ့ သူမလို့ ဘာမှမပြောချင်ပါဘူး။ အမှတ်တရတွေလည်းအများကြီးရှိတယ်။ အားလုံးလည်း အဆင်ပြေတယ်”လို့ပြောပါတယ်။
ဒီဇာတ်ကားမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးပုံဖော်ထားပြီး မင်းသား လီယိုရှိုင်း၊ လင်းအောင်ခေတ်၊ နန်းမြတ်ဖြိုးသင်း၊ ဆုအိမ့်စံ၊ ခင်မို့မို့အေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Sweet & Smile ရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေးကနေ နိုဝင်ဘာလကုန်မှာဖြန့်ချိသွားမှာ ဖြစ်ပါတယ်။