အရောင် ၇ မျိုးနဲ့ဖွဲ့စည်းထားတဲ့ သက်တံအရောင်တွေဟာ ကမ္ဘာကြီးအတွက်တော့ သဘာဝတရားက ပေးထားတဲ့ လက်ဆောင်တခုပါ။ သက်တံရောင် ထွက်ပေါ်လာတဲ့အခါ လူတွေဟာ တမေ့တမော ငေးမောကြည့်ရှူလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ကြည့်ရှူခွင့်ရတဲ့ သက်တံ အသက်ဟာ ခဏလေးပါပဲ။
စာရေးသူတို့ ငေးမောကြည့်ရှူနေစဉ်မှာပဲ သက်တံတွေဟာ ကွယ်ပျောက်သွားကြတယ်။ သက်တံတွေဟာ ကွယ်ပျောက် လွယ်ကြပါတယ်။
အဘိုးအို Huang Yung-fu ကို ၁၉ ၂၄ ခုနှစ်မှာ ကွမ်တုံမြို့မှာ မွေးဖွားခဲ့ပါတယ်။ ညီအစ်ကို မောင်နှမ ၇ ယောက် ရှိတဲ့အနက် အဘိုးက အကြီးဆုံးဖြစ်ပြီး သူ့ အောက်မှာတော့ ညီ ၄ ယောက်နဲ့ ညီမ ၂ ယောက် ရှိပါတယ်။ အဘိုးဟာ ၁၉၄၆ ကူမင်တန်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ကွန်မြူနစ်တွေနဲ့ဖြစ်တဲ့ တရုတ်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့ပါတယ်။
၁၉၄၉ ခုနှစ်မှာတော့ ကူမင်တန်တွေ စစ်ရှုံးခဲ့ရပြီး ထိုင်ဝမ်ကိုထွက်ပြေးတဲ့ တရုတ်ဖြူစစ်သည်တွေထဲမှာ အဘိုးအို Huang တယောက် ပါဝင်ခဲ့ပါတယ်။ စစ်သည်အများစုဟာ သက်ဆိုင်ရာ ရွာကလေးတွေမှာ ယာယီနေထိုင်ခဲ့ကြပြီး ပြည်တွင်းစစ်ကြီး ပြီးဆုံးတဲ့နောက် မှာတော့ စစ်မှုထမ်းအများစုဟာ ယာယီရွာကလေးတွေကို စွန့်ခွာသွားခဲ့ကြပါတယ်။
အဲဒီရွာကလေးတွေကနေ စွန့်ခွာလာခဲ့ကြသူတွေကို အစိုးရက နစ်နာကြေးပေး ၊ အိမ်အသစ်တွေ ဆောက်လုပ်ပေးပြီး အခြားနေရာတွေမှာ အခြေချနေထိုင်စေခဲ့ပေမယ့် အဘိုးကတော့ သူ့အိမ်နီးချင်းတွေ ဘယ်လိုပဲပြောင်းရွှေ့သွားသွား နေမြဲ ဆက်နေခဲ့ပါတယ်။ နောက်ဆုံး ရွာကို ဖျက်ဆီးမယ်ဆိုတဲ့ အချိန်မှာတော့ အဘိုးရဲ့ သက်တံရွာကလေးက အသက်ဝင်လာပါ တော့တယ်။
အဘိုး ပထမဆုံး နံရံပေါ်မှာ စဆွဲတဲ့ပုံကတော့ ငှက်ပုံလေးပါပဲ။ ဒါဟာ အားလုံးရဲ့အစပါပဲ။ အဘိုးရဲ့စိတ်ကူးကတော့ ရွာတရွာလုံးကို ဆေးရောင်ခြယ်ဖို့ပါပဲ။ ဒေသခံ တက္ကသိုလ်ကျောင်းသားတွေဟာ အဘိုးရဲ့ အရောင်ခြယ် ကမ်းပိန်းမှာ ပါဝင်လာခဲ့ကြပါတယ်။
နှစ်အနည်းငယ်ကြာ လာတဲ့အခါမှာတော့ “အရောင်တွေနေတဲ့ သက်တံရွာ”လို့ နာမည်တွင်လာခဲ့ပြီး လမ်းမကြီးများ အပါအဝင် အိမ်အလုံးပေါင်း ၁၂၀၀ ကျော်လောက်ကို ဆေးရောင်ခြယ်လာနိုင်ခဲ့ပါတယ်။ အဘိုးအို ဖန်ဆင်းခဲ့တဲ့ အရောင်တွေနေတဲ့ သက်တံရွာကလေး ဟာ ထိုင်ဝမ်နိုင်ငံ၊ Nantun ခရိုင်ထဲက Taichung မြို့ကလေးထဲက ရွာလေး တရွာပါ။
Taichung ဟာ ၂၀၁၇ လူဦးရေစာရင်းအရ ၂ ဒဿမ ၈ သန်း ရှိတဲ့မြို့ ဖြစ်ပြီး ထိုင်ဝမ်ရဲ့ ဒုတိယ လူဦးရေအများဆုံး မြို့ပါ။ အရောင်တွေနေတဲ့ “သက်တံရွာ”ကို သွားလည်ချင်တယ်ဆိုရင်တော့Taichung မြို့ထဲကနေ နံပါတ် ၂၇ ဘတ်စ်ကားကို စီးသွားရမှာဖြစ်ပြီး Lin Tung တက္ကသိုလ်မှာ ဆင်းရမှာဖြစ်ပါတယ်။
ခရီးစဉ်ဟာ မိနစ် ၅၀ လောက်ကြာမြင့်မှာဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်မှာ ဆင်းပြီးတဲ့နောက်မှာတော့ လမ်းဆက်လျှောက် သွားပြီး ပထမဆုံးမြင်ရမယ့် မီးပွိုင့်ကနေ ညာဖက် ကိုချိုးသွားမယ်ဆိုရင်တော့ အရောင်တွေနေတဲ့ သက်တံရွာဆီကို ရောက်သွားပါလိမ့်မယ်။
အခုဆိုရင်တော့ သက်တံတွေရဲ့ အဘိုးအို စတင်ခဲ့တဲ့ အရောင်တွေနေတဲ့ သက်တံရွာကလေးဟာ ကမ္ဘာလှည့်ခရီးသွားများနဲ့ စည်ကားလို့ လာခဲ့ပါပြီ။ အာရှရဲ့ မသွားမဖြစ် သွားရမယ့် နေရာ ၂၀ ထဲ သက်တံရွာကလေးလည်း ပါဝင်လာခဲ့ပါပြီ။ ။
Ref ; www.tripzilla.com