Kwanzaa ပွဲတော်ဟာ ဘာသာရေးပွဲတော်တခု မဟုတ်ပါဘူး။ ဒီပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာ ၂၆ ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ ကျင်းပလေ့ရှိတတ်ပါတယ်။ ဒီပွဲကိုတော့ ခရစ်စမတ်ပြီး နောက်တရက်ကျင်းပတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက အာဖရိကန် အမေရိကန်တွေက ဒီပွဲတော်ကို ၁၉၆၆ ခုနှစ်ကတည်းကနေ စတင်ကျင်းပခဲ့တာဖြစ်လို့ အခုဆိုရင်တော့ ၅၂ နှစ်ရှိခဲ့ပါပြီ။ ဒီပွဲတော်ကို Dr.Maulana Karanga ကတီထွင်ခဲ့တာဖြစ်ပြီး အာဖရိကန် – အမေရိကန် လူမျိုးစုတွေရဲ့ လူမှုဆက်ဆံရေး အပြောင်းအလဲ ကာလတုန်းက တီထွင်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
Kwanzaa ဆိုတဲ့စကားဟာ matunda ya kwanza ကနေ ဆင်းသက်လာတာဖြစ်ပြီး ကောက်ရိတ်သိမ်းရာကာလအတွက် ပထမဆုံးသောသီးနှံများလို့ အဓိပ္ပါယ်ရသလို ကောက်သစ်စားပွဲလို့လည်း ပြောနိုင်ပါသေးတယ်။
ဘာသာရေးပွဲတော် မဟုတ်တဲ့အတွက်ကြောင့် ဒီပွဲတော်ဟာ မိသားစုအချင်းချင်းချစ်ခင်ကြင်နာရေး၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြေညီညွတ်ရေးနဲ့ ယဉ်ကျေးမှုကိုသာ ရည်ရွယ်ပါတယ်။ မိသားစုပွဲတော်ဖြစ်တာကြောင့် ဘာသာမတူသူတွေပါ ကျင်းပခွင့်ရတာက ဒီပွဲတော်ရဲ့ ထူးခြားချက်တခုပါပဲ။
ဒီပွဲတော်မှာဆိုရင်တော့ အာဖရိကဗုံတွေတီးပြီး ကကြ၊ ခုန်ကြ သီချင်းဆိုကြတာတွေရှိကြသလိုပုံပြင်ဝတ္ထုတွေလည်း ပြောပြလေ့ရှိတတ်ပါတယ်။ နောက်ပြီး ကဗျာတွေရွတ်ကြသလို ရိုးရာအစားအသောက်တွေနဲ့ တည်ခင်း ဧည့်ခံကြတဲ့ ပွဲတော်ပါပဲ။
ဒီဇင်ဘာ ၂၆ ကနေ ဇန်နဝါရီ ၁ အထိ ၇ ရက်လုံးလုံး မိသားစုတွေ အတူစုရုံးနေကြလေ့ရှိပြီး ကလေးတယောက်က ဖယောင်းတိုင်ထွန်းတဲ့နေရာမှာ ဖယောင်းတိုင်တွေကို မီးထွန်းပေးထားပါတယ်။ ဒီပွဲတော်မှာ စည်းကမ်း ၇ ချက် ပါဝင်ပါတယ်။
Nguzo Saba လို့ခေါ်တဲ့ ဒီစည်းကမ်း ၇ ချက်ဟာ အာဖရိကန်တွေအတွက်တော့ ယဉ်ကျေးမှုတခုပါပဲ။ အဲဒါကတော့ အာဖရိကန်တွေနဲ့ အမေရိကန်တွေကြားကဆက်ဆံရေးကို ဒီ့ထက်ပိုတိုးတက်အောင် ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာပါပဲ။ ဒါဟာ အာဖရိကန်တွေရဲ့ ယဉ်ကျေးမှုတန်ဖိုးတခုပါပဲ။ အနက်ရောင် ဖယောင်းတိုင်ကုန်လုကုန်ခင်မှာတော့ ဆွေးနွေးပွဲကို စတင်နိုင်ပါပြီ။
ပထမညမှာ ဆွေးနွေးရမယ့် အကြောင်းအရာကတော့ စည်းလုံးညီညွတ်မှု ( Umoja ) အကြောင်းဖြစ်ပြီး ညီညွှတ်မှု အကြောင်းမှာဆိုရင်တော့ မိသားစုဝင်အချင်းချင်း ညီညွှတ်မှု ၊ ကိုယ်နေထိုင်ရာလူ့အဖွဲ့အစည်းနဲ့ ညီညွှတ်စွာနေနိုင်မှု စတာတွေပါဝင်ပါတယ်။
ဒုတိယညအတွက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်နဲ့ ကိုယ့်ကိုကိုယ် စီရင် ပြဌာန်းနိုင်ခွင့်( Kujichagulia ) အကြောင်းတွေ ဖြစ်ပါတယ်။ တတိယညမှာတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းနဲ့ စုပေါင်းအလုပ်လုပ်ခြင်း ( Ujima) အကြောင်းဆွေးနွေးကြပြီး စတုတ္ထညမှာတော့ မိသားစုစီးပွားရေးလုပ်ငန်း (Ujamaa ) အကြောင်းဆွေးနွေးကြပါတယ်။
ပဉ္စမညမှာဆိုရင်တော့ ရည်ရွယ်ချက် ( Nia ) အကြောင်းပါ။ ခြောက်ရက်မြောက်လာတဲ့ ညမှာတော့ တီထွင်ဖန်တီးမှု ( Kuumba ) အကြောင်းဆွေးနွေးလေ့ရှိပြီး သတ္တမည နောက်ဆုံးညမှာတော့ မိဘ ၊ ဆရာ ၊ခေါင်းဆောင်နဲ့ လူသားအားလုံးကို ယုံကြည်မှု (Imana ) အကြောင်း ဆွေးနွေးကြပါတယ်။
ဒါဟာ ၁၉၆၆ ခုနှစ်က Dr.Maulana Karenga က အာဖရိကန် အမေရိကန်တွေအတွက် တီထွင်ပေးခဲ့တဲ့ ပွဲတော် တခုဖြစ်ပြီး အမေရိကန်မှာနေထိုင်ကြတဲ့ အာဖရိကန် အမေရိကန်တွေကလည်း ခုထိကျင်းပနေတဲ့ ပွဲတော်ပဲဖြစ်ပါတယ်။ သူတို့ဟာ လိုက်နာရမယ့် စည်းကမ်းချက် ၇ ခုကိုလည်း ခုထိတိုင်လိုက်နာနေကြတုန်းပဲ ဖြစ်ပါတယ်။