မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင် ဖမ်းဆီးခံထားရသော သရုပ်ဆောင် မိုးအောင်ရင်ကို ယနေ့၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် ထပ်မံ အမိန့်ချလိုက်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်နဲ့ အတူ အပေါင်းအပါတွေဖြစ်ကြတဲ့ လူလူသန်းဦးကိုတော့ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ဒဏ် ၃ နှစ် ၊ ဘုန်းမြင့်အောင်(ခေါ်) ဒေးဗစ်ကိုတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် ၁၂ နှစ်၊ သုံးစွဲမှု ပုဒ်မ ၁၅ဖြင့် ၃ နှစ်ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့များမှာ အရှေ့ပိုင်းခရိုင်တရားရုံးမျာ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် တရားရုံးက အမိန့်ချခဲ့ပြီးဖြစ်တဲ့အတွက် ထောင်ကျ အကျဉ်းသားဖြစ်သွားပြီ ဖြစ်တာကြောင့် လာရောက်နိုင်ခြင်းမရှိခဲ့ဘဲ ယနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ အပြီးသတ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်စားဖြစ်သူရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရ သိရပြီး မိုးအောင်ရင်ရဲ့ နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့ နှစ်ဦးကို ဆေးခြောက် ၁၃၃၄ ဒဿမ ၃၃ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်