“ကိုယ်အလေးချိန် လျှော့ချတယ်”ဆိုတဲ့နေရာမှာ စနစ်တကျ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ အစားအစာတွေ ရွေးချယ်စားသုံးခြင်းဟာ အဓိက ကျပါတယ်။ ဘောလိဝုဒ် အနုပညာရှင် အများစုဟာ သူတို့ရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို အမြဲဂရုတစိုက် ထိန်းသိမ်းလေ့ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ ဘောလိဝုဒ် ထိပ်တန်းအနုပညာရှင်တွေရဲ့ ဝိတ်အမြန်ကျစေတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) Alia Bhatt
ဆယ်ကျော်သက် အရွယ်တုန်းက ဝလွန်းလို့ “ဖက်တီးမလေး” လို့တောင် နောက်ပြောင်ခံခဲ့ရဖူးတဲ့ Alia ရဲ့ ဝိတ်ကျစေတဲ့ လျှို့ဝှက်ချက်ကတော့ အစားစားတဲ့အခါ တခါတည်းနဲ့ ဝအောင်စားခြင်းထက် နည်းနည်းနဲ့ အကြိမ်ရေ များများ ခွဲစားတာပဲ ဖြစ်ပါတယ်။ တပတ်မှာ Gym ၄ ရက်လောက် သွားပြီး ခန္ဓာကိုယ်၊ အသားအရေနဲ့ ဆံကေသာ ကျန်းမာရေး အတွက် ရေများများသောက်ပြီး ဗိုက်ဆာတိုင်း အသီးအနှံတွေကိုသာ စားလေ့ရှိတယ်လို့ ဆိုပါတယ်။
(၂) Sonam Kapoor
လှပပြေပြစ်တဲ့ ခန္ဓာကိုယ် အလှအပကြောင့် အိန္ဒိယရဲ့ စူပါမော်ဒယ်အဖြစ် သတ်မှတ်ခံရတဲ့ Sonam Kapoor ကတော့ အဆီဓာတ်များလွန်းတဲ့ အစားအစာတွေနဲ့ အသင့်စားအစာတွေကို ရှောင်ကြဉ်ပြီး အုန်းရည်၊ သခွားသီးဖျော်ရည် အစရှိတဲ့ Juice တွေကို များများစားသောက်လေ့ ရှိပါတယ်။ အားကစားအနေနဲ့ ရေကူးတာနဲ့ ယောဂကျင့်တာတို့ကို ပုံမှန်ပြုလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။
(၃) Karenna Kapoor
ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ် အလှအပကြောင့် တက်သစ်စ မင်းသမီးလေးတွေနဲ့ပါ ယှဉ်နိုင်တဲ့ မင်းသမီး Karenna Kapoor ရဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနည်းကတော့ ယောဂကို မနက်တိုင်း ပုံမှန်လေ့ကျင့်ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ ကယ်လိုရီမြင့်တက်စေတဲ့ အစားအစာတွေကို စားသောက်ပြီးတိုင်း လေ့ကျင့်ခန်းကို သေချာပြုလုပ်ပေးလေ့ရှိတယ် လို့လည်း ဆိုပါတယ်။
(၄) Katrina Kaif
ကိုယ်အလေးချိန် များများစားစား မတက်ဖူးတဲ့ မင်းသမီးချော Katrina Kaif ရဲ့ ဝိတ်မတက်အောင် ခန္ဓာကိုယ်ထိန်းသိမ်း နည်းကတော့ မနက်အိပ်ရာက နိုးတိုင်း ရေကို ဖန်ခွက်နဲ့ ၃ ခွက်ခန့်ကုန်အောင် သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများစားပြီး လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
Ref : www.stylecraze.com