အသက်အန္တရာယ်တွေကြားက သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့သူ
အတော်ဆုံး Portrait ဓာတ်ပုံဆရာတွေရဲ့စာရင်းမှာ Steve McCurry တယောက်လည်း ပါဝင်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ သူရိုက်ခဲ့တဲ့ Afghan Girl ဆိုတဲ့ ဓာတ်ပုံဟာဆိုရင် ခုထိလည်း နာမည်ကျော်နေတုန်းပါ။ အဲဒီဓာတ်ပုံကိုတော့ National Geographic မဂ္ဂဇင်းကြီးက ၁၉၈၅ ခုနှစ်မှာ မျက်နှာဖုံးအနေနဲ့ အသုံးပြုခဲ့ပါတယ်။
Steve McCurry ဟာ အလွတ်တန်း ဓာတ်ပုံဆရာတယောက်ဖြစ်ပြီး အမေရိကန် ဓာတ်ပုံသတင်းထောက် တယောက်လည်း ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Afghan Girl ဓာတ်ပုံဟာ စတူရီယို အကူအညီ မပါဘဲ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတပုံပါ။
Steve ကို ၁၉၅၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက Philadelphia မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ အတော်ဆုံး ဓာတ်ပုံဆရာတယောက်ဖြစ်ပြီး ဓာတ်ပုံဆုပေါင်းများစွာကိုလည်း ရခဲ့သူတဦးပါ။ ၁၉၇၄ ခုနှစ်မှာတော့ Penn State University ကနေ Cinematography နဲ့ ဘွဲ့ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဓာတ်ပုံဆရာတယောက်ဘဝကိုသာ ခံယူခဲ့ပါတယ်။
၁၉၇၈ ခုနှစ်မှာတော့ Pennsylvania Today’s Post ကနေ အလုပ်ထွက်ခဲ့ပြီး အိန္ဒိယကိုဓာတ်ပုံရိုက်ကူးဖို့ သွားရောက်ခဲ့ပါတယ်။ အိန္ဒိယမှာ နှစ်အနည်းငယ်နေပြီးတဲ့ aနာက်မှာတော့ ပါကစ္စတန်မြောက်ပိုင်းကို ခရီးဆက်ထွက်ခဲ့ပါတယ်။ အဲဒီကနေကမှတဆင့် အာဖဂန်နစ္စတန်ကို သွားရောက်ခဲ့ပါတယ်။ပါကစ္စတန် – အာဖဂန်နယ်စပ်ကို ဖြတ်ကျော်ပြီးတဲ့ အခါမှာတော့ Steve က သူကြုံတွေ့ခဲ့ရတာကို အခုလိုပဲပြောပါတယ်။
“နယ်စပ်ကို ကျနော်ဖြတ်တော့ အိမ်ခြေ ၄၀ လောက်နဲ့ စာသင်ကျောင်းတချို့ကိုတွေ့ခဲ့ရတယ်၊ တော်တော်များများကတော့ ဗုံးဒဏ်ကြောင့် ပျက်စီးနေပါပြီ။ အိမ်နဲ့ စာသင်ကျောင်းတွေကလည်း ရဟတ်ယာဉ်ပေါ်က ပစ်ထားတဲ့ကျည်ဆန်တွေကြောင့် ပျက်စီးသလောက်ပါပဲ”လို့ သူက ပြောပါတယ်။
နယ်စပ်မှာ သူရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကိုတော့ “The New York Times” , “Times” နဲ့ “Paris Match” စတဲ့ သတင်းစာတွေက ဖော်ပြခဲ့ကြပြီး Robert Capa Gold Medal ကချီးမြှင့်တဲ့ဆုကို ရခဲ့ပါတယ်။ အီရန်၊ အီရတ်စစ်ပွဲ ၊ Lebanon ပြည်တွင်းစစ်နဲ့ ကမ္ဘောဒီးယားပြည်တွင်းစစ်တွေကိုလည်း ဓာတ်ပုံရိုက်ယူ နိုင်ခဲ့ပါသေးတယ်။
အာဖဂန်ပြည်တွင်းစစ်လို နေရာတွေမှာ ဓာတ်ပုံသတင်းသွားယူတော့ အသက်အန္တရာယ်တွေပါ ကြုံခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း Steve တယောက်ကတော့ အသက်အန္တရာယ်တွေ ဘယ်လိုပဲကြုံကြုံ သူဝါသနာပါတဲ့ ဓာတ်ပုံသတင်းထောက်အလုပ်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာကြီးရဲ့ အဖြစ်အပျက်တွေကို မဂ္ဂဇင်းစာမျက်နှာတွေတဆင့် ဖော်ပြနိုင်ခဲ့တဲ့အတွက်း စစ်ပွဲသတင်းလိုသတင်းမျိုးတွေကို လူတွေသိခွင့်ရခဲ့တာပါ။
Afghan Girl ကို ရိုက်ကူးခဲ့ရတဲ့အကြောင်းကတော့ ကောင်မလေးရဲ့ မျက်လုံးစိမ်းစိမ်းတွေကြောင့်ပါလို့ Steve ကပြောပါတယ်။ ဒီဓာတ်ပုံကတော့ ၁၉၈၅ ခုနှစ်မှာ National Geographic ကပေးတဲ့ “အကောင်းဆုံး ဓာတ်ပုံဆု” ကို ရခဲ့ပါတယ်။
Ref : boredpanda