Las Vegas မြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ CES 2019 နည်းပညာပြပွဲမှာ Harley-Davidson က ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။
LiveWire လို့ အမည်ပေးထားပြီး၊ ဂီယာတွေ ပြောင်းစရာမလိုဘဲ လီဗာဆွဲ အသင့်မောင်းနှင်နိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်တစီး ဖြစ်ပါတယ်။ ဝယ်ယူချင်သူတွေအနေနဲ့ ကြိုတင်အော်ဒါမှာယူထားနိုင်ပါပြီ။
ဈေးနှုန်းကတော့ ၂၉,၇၉၉ အမေရိကန်ဒေါ်လာဖြစ်ပြီး၊ လာမယ့် ဆောင်းဦးပေါက်မှာ စတင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Harley-Davidson ရဲ့ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ်ဖြစ်တဲ့ LiveWire ဟာ အမြန်ဆုံး တနာရီကို ၁၂၀ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး၊ ၃.၅ စက္ကန့်အတွင်း ၀ ကနေ တနာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်နိုင်ပါတယ်။ အားတခါ သွင်းပြီးရင် အဝေးပြေးနဲ့ မြို့တွင်းလမ်း မိုင်ပေါင်း ၁၁၀ အထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
“ ဂီယာအုံစနစ်၊ ဂီယာချိန်းဖို့နဲ့ ကလပ်တွေ လုံးဝ မလိုဘဲ၊ အလွယ်တကူ စီးနင်းနိုင်မယ့် ‘twist-and-go’ လျှပ်စစ်မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်” လို့ Harley-Davidson ရဲ့ မော်တော်ဆိုင်ကယ်ထုတ်ကုန်စီစဉ်ရေး ဒါရိုက်တာ Paul James က DailyMail ကို ပြောကြားပါတယ်။
LiveWire ဆိုင်ကယ်ဟာ မြောက်အမေရိကမှာ ရောင်းချတဲ့ ဆိုင်ကယ်တွေထဲမှာ ဆယ်လူလာကွန်ရက် ချိတ်ဆက်နိုင်မှု ပါဝင်တဲ့ ပထမဆုံးမော်တော်ဆိုင်ကယ်လည်း ဖြစ်ပါတယ်။
ဆိုင်ကယ် ရဲ့ ဒေတာအချက်အလက်တွေကို ရယူဖော်ပြပေးမယ့် H-D Connect စောင့်ကြည့်ထိန်းချုပ်မှုစနစ် (telematics system) လည်း ပါဝင်ပြီး၊ ဘက်ထရီရာခိုင်နှုန်း၊ ဆားဗစ်သတိပေးချက်တို့ကို မိုဘိုင်းအက်ပ်ကနေတဆင့် အမြဲတစေ ကြည့်ရှုနိုင်မှာပါ။ သူခိုးကပ်လို့မရအောင် သတိပေးစနစ်တွေလည်း ပါဝင်မှာပါ။
LiveWire ဟာ လျှပ်စစ်မော်တော်ဆိုင်ကယ်တစီးဖြစ်ပေမယ့်၊ အသံလုံးဝ ငြိမ်မယ့် ဆိုင်ကယ်တော့ မဟုတ်ပါဘူး။ Harley-Davidson ဆိုင်ကယ်ပရိတ်သတ်တွေ သဘောတွေ့စေဖို့အတွက် အရှိန်ရလာတာနဲ့အမျှ ပိုကျယ်လာမယ့် ဆိုင်ကယ်သံ အသစ်တမျိုး ထွက်အောင် အထူးဒီဇိုင်းထုတ်ထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Harley-Davidson ဟာ CES ပွဲမှာ LiveWire ဆိုင်ကယ်အပြင် နောက်ထပ် လျှပ်စစ်ဆိုင်ကယ်ရှေ့ပြေးဒီဇိုင်း ၂ မျိုးကိုလည်း ပြသခဲ့ပါတယ်။
Ref: DailyMail, The Verge