ဟာသ သရုပ်ဆောင် မေတ္တာဟာ အဆုတ်ရောဂါကြောင့် ဇန်နဝါရီ ၉ ရက်နေ့က ရုတ်တရက် ဆေးရုံတင်ခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ မေတ္တာဟာ ဆေးရုံ အရောက်မြန်လို့ အသက်မီခဲ့ကြောင်း အခုတော့ သတိပြန်လည်လာပြီလို့ လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူး ဦးကောင်းကျော်က ဧရာဝတီကို ပြောပါတယ်။
“ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် ကိုမေတ္တာ အာရှတော်ဝင် ဆေးရုံကြီးမှာ အရေးပေါ်တက်ရောက် ကုသနေပါတယ်။ ပရိသတ်ရဲ့မေတ္တာ ပို့သမှုများကြောင့် အနည်းငယ်ပြန်လည်သက်သာလာပါပြီ။ အဆုတ်ထဲ ရေနဲ့ သွေး ဝင်တယ်။ ဆီးချိုနဲ့ သွေးတိုးပါ ရောနှော စုပြုံပြီး ဖြစ်တာကြောင့် အသက်ရှုကျပ်လာပြီး ရုတ်တရက် အရေးပေါ် ဆေးရုံတင် လိုက်ရတာ” လို့ ဦးကောင်းကျော်က ဧရာဝတီကို ပြောပါတယ်။
“မနေ့က ၉ရက်နေ့က ဆေးရုံတက်တယ်။ ကျနော်တို့ ညကသွားတော့ တော်တော်တော့ သက်သာနေတယ်။ အခု မနက်ကတော့ ICU ခန်းထဲမှာ ရေစုပ်ထုတ်နေတယ်လို့ ကိုမေတ္တာသားလေးက သတင်းပို့ပေးနေပါတယ်။ ဆေးရုံကို အရောက်မြန်လို့ မမြန်ရင် သေဆုံးနိုင်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ ကိုမေတ္တာကို သူ့ဇနီးနဲ့ သူသားလေး မေတ္တာမြင့်မြတ်ဟိန်းတို့က ဆေးရုံမှာ အနီးကပ်ပြုစုပေးနေပါတယ်”လို့ ဦးကောင်းကျော်က ဆိုပါတယ်။
ဆေးရုံတက်နေရတဲ့ မေတ္တာကို လူရွှင်တော်အသင်းကလည်း ကျန်းမာထောက်ပံ့ငွေပေးသွားမယ်လို့ ဦးကောင်းကျော်က ပြောပါတယ်။
“ကျနော်တို့ လူရွှင်တော် အသင်းကနေလည်း ကျန်းမာရေး ထောက်ပံ့ငွေ ပေးမှာပါ။ ဥက္ကဋ္ဌကလည်း ခရီးတွေရောက်နေတော့ ငွေလွှဲပေးတာနဲ့ ကျနော်တို့ သွားကူညီပေးမှာပါ။ ကျနော်တို့ လူရွှင်တော်အသင်းက တည်ထောင်ကတည်းက သက်ကြီးတွေထောက်ပံ့ဖို့နဲ့ ကျန်းမာရေးဖြစ်တာ သေဆုံးသွားရင် ကူငွေတွေပေးတာမျိုးတွေ လုပ်ပေးပါတယ်”လို့ ဦးကောင်းကျော်က ပြောပါတယ်။
သရုပ်ဆောင် မေတ္တာဟာ လက်ရှိမှာ အငြိမ့်၊ ပြဇာတ်တွေနဲ့ အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့နေသူတယောက်ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဇာတ်ကား ရိုက်ကူးရေးတွေ နည်းလာတာကို တွေ့ရပါတယ်။
ဦးမေတ္တာရဲ့ ကျန်းမာရေးအခြေအနေကို ပြန်လည်မျှဝေလာတဲ့ လူရွှင်တော် ကောင်းကျော်က လက်ရှိမှာ လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ သူကလည်း လက်ရှိမှာ “အင်ပါယာ”လို့ အမည်ပေးထားတဲ့ အငြိမ့်အဖွဲ့ နဲ့ ဖျော်ဖြေရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။