Cape Town မြို့သူ မြို့သားတွေဟာ တပတ်ရစ် ပစ္စည်းတွေရောင်းတဲ့ နေရာမျိုးတွေကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့်လည်း Cape Town မြို့အနှံ့အပြားမှာ တပတ်ရစ်ပစ္စည်း ရောင်းတဲ့ စတိုးဆိုင် အများအပြားကို တနှစ်ပတ်လုံး တွေ့ရပါတယ်။ အခု ဖော်ပြပေးမှာကတော့ Cape Town မြို့ရဲ့ တပတ်ရစ် ပစ္စည်းတွေ ရောင်းချပေးတဲ့ ဈေးအချို့ပဲ ဖြစ်ပါတယ်။
(၁) Kalk Bay
ပင်လယ်ကမ်းခြေ ရွာတရွာဖြစ်တဲ့ Kalk Bay ကတော့ တပတ်ရစ် ပစ္စည်းတွေ ဝယ်လို့ကောင်းတဲ့ နေရာ တနေရာပါ။ အဲဒီဈေးမှာဆိုရင် တပတ်ရစ် ပစ္စည်းအမျိုးမျိုး ဝယ်ယူ ရရှိနိုင်ပါတယ်။ ဒီဈေးမှာဆိုရင်တော့ ရှေးဟောင်းပစ္စည်းတွေ ရောင်းချပေးနေတဲ့ ဆိုင်ရှိပြီး လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက စုဆောင်းထားတဲ့ စစ်တပ် အသုံးအဆောင်ပစ္စည်းတွေ၊ ငွေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ဝယ်ယူ နိုင်ပါတယ်။
(၂) Anything Goes
ဆိုင်နာမည်ကို ထူးထူးခြားခြားပေးထားတဲ့ “Anything Goes” မှာတော့ အရည်အသွေးမြင့်တဲ့ တပတ်ရစ် ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ အဲဒီဆိုင်မှာဆိုရင် တပတ်ရစ် ပရိဘောဂပစ္စည်းတွေ အလွယ်တကူ ဝယ်နိုင်ပါတယ်။
(၃) Second Time Around
Long လမ်းမပေါ်မှာရှိတဲ့ “Second Time Around ” မှာဆိုရင် ၁၉၂၀ ကနေ ယနေ့ခေတ်အထိ စုဆောင်းထားတဲ့ အဝတ်အစားတွေနဲ့ ရှူးဖိနပ်တွေကို ဝယ်ယူနိုင်ပါတယ်။ အဲဒီဆိုင်မှာဆိုရင် ဟောလီးဝုဒ်စတားတွေရဲ့ ဓာတ်ပုံတွေကို နံရံတွေမှာ ကပ်ထားပြီး လက်ဝတ်ရတနာ၊ လက်ကိုင်အိတ်နဲ့ နေကာမျက်မှန် အမျိုးမျိုးကို ဝယ်ယူနိုင်ပါတယ်။
(၄) Second Hand Rose
“Second Hand Rose” လို့ နာမည်ပေးထားတဲ့ ဒီဆိုင်ကတော့ Cape Town ရဲ့ တောင်ဘက် ဆင်ခြေဖုံးမှာ ရှိပြီး Cavendish Square Mall ရဲ့ ဆန့်ကျင်ဘက် အရပ်မှာ ရှိပါတယ်။ ဒီဆိုင်ကတော့ Cape Town ရဲ့ တပတ်ရစ်ပစ္စည်း ရောင်းတဲ့ဆိုင်တွေထဲမှာ ရှေးအကျဆုံး ဆိုင်တဆိုင်ပါ။ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ အဝတ်အစားမျိုးတွေ၊ ညနေခင်းဝတ်စုံတွေနဲ့ လည်သာလက်ကိုင်အိတ်၊ ရှူးဖိနပ်တွေနဲ့ လက်ဝတ်ရတနာတွေကို ဝယ်ယူနိုင်ပါတယ်။
(၅) Glitterati
“Glitterati” မှာဆိုရင် ယောကျ်ား၊ မိန်းမ နှစ်မျိုးစလုံးအတွက် တပတ်ရစ် ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ လက်ဝတ်ရတနာအမျိုးမျိုးနဲ့ အဝတ်အထည်အမျိုးမျိုး ဝယ်လို့ရတဲ့အပြင် ဦးထုပ်၊ လက်အိတ်၊ ရှူးဖိနပ်နဲ့ အဝတ်သေတ္တာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
Ref : theculturetrip