နာရီကုမ္ပဏီ Fossil ကနေ တီထွင်ထုတ်လုပ်နေတဲ့ စမတ်နာရီနည်းပညာကို Google က ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း Fossil Group က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Fossil ရဲ့ စမတ်နာရီ နည်းပညာကို တီထွင်ဖန်တီးနေတဲ့ သုတေသနဌာန အဖွဲ့ဝင်အားလုံးပါ Google လက်အောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
Fossil စမတ်နာရီ နည်းပညာကို ဝယ်ယူလိုက်ခြင်းအားဖြင့် Google ရဲ့ WearOS ပလက်ဖောင်းမှာ ဟာ့ဒ်ဝဲ ထုတ်လုပ်မှု အတွေ့အကြုံရှိတဲ့ အဖွဲ့ဝင်တွေ ပါဝင်လာမှာ ဖြစ်သလို စမတ်နာရီ ဒီဇိုင်းအသစ်တွေလည်း ထွက်ပေါ်လာဖို့ ရှိပါတယ်။
“စိတ်ကြိုက် ဒီဇိုင်းပြောင်းလဲနိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Wearables (ဝတ်ဆင်နိုင်သည့် နည်းပညာပစ္စည်း) တွေဟာ အသုံးပြုသူတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်ဆန်တိကျစွာ ဖော်ပြပေးနိုင်ပြီး လူနေမှုဘဝတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်”
“Fossil Group ရဲ့ နည်းပညာနဲ့ အဖွဲ့သားတွေ Google ကို ရောက်လာတာဟာ Wearables ဈေးကွက်အပေါ် ကျမတို့ ဘယ်လောက် အလေးထားဆောင်ရွက်နေလဲဆိုတာ ပေါ်လွင်စေမှာပါ။ အမြဲတမ်း တက်ကြွလှုပ်ရှားနေတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အသစ်အသစ်တွေကို ယူဆောင်ပေးမယ့် စမတ်နာရီ အမျိုးမျိုး ပေါ်ထွက်လာစေဖို့ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”လို့ Google ရဲ့ WearOS ပလက်ဖောင်းဆိုင်ရာ ထုတ်ကုန်စီမံခန့်ခွဲရေးဌာနမှူး Stacey Burr က ပြောပါတယ်။
Fossil က လုပ်ဆောင်နေတဲ့ စမတ်နာရီနည်းပညာဟာ ဈေးကွက်ထဲ မရောက်သေးတဲ့ နည်းပညာအသစ်အဆန်းတခု ဖြစ်ပါတယ်။ ဘယ်လို တီထွင်ဆန်းသစ်မှုမျိုး ဖြစ်မလဲ၊ Google ဘက်က ဘာကြောင့် အသည်းအသန် ဝယ်ချင်နေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ ဒေါ်လာ သန်း ၄၀ ဆိုတဲ့ ပမာဏကတော့ Google ဝယ်ခဲ့သမျှ နည်းပညာတွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ ပမာဏပဲ ရှိပါတယ်။
Fossil ဟာ ၂၀၁၅ ခုနှစ်တုန်းက wearable ပစ္စည်းတွေ ထုတ်နေတဲ့ Misfit ကုမ္ပဏီကို ဒေါ်လာ သန်း ၂၆၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ ယခု Google ဝယ်ယူလိုက်တဲ့ နည်းပညာဟာ Misfit နည်းပညာအပေါ် အခြေခံပြီး ဖန်တီးနေတဲ့ နည်းပညာသစ်တခု ဖြစ်တယ်လို့ သိရပါတယ်။
Google ဟာ Fossil နည်းပညာကို ယခုလအတွင်း အပြီးသတ် ငွေချေ၊ ဝယ်ယူ သွားမှာပါ။ ဒီနည်းပညာ သုံးထားတဲ့ ပစ္စည်းတွေကို ဘယ်တော့ မြင်တွေ့ရမလဲဆိုတာကိုတော့ ကုမ္ပဏီ နှစ်ခုစလုံးက မပြောခဲ့ပါဘူး။
Ref: The Verge, GSM Arena