နယူးယောက်အခြေစိုက် မြန်မာဓါတ်ပုံသမား ကင်မ်ကို The Street Sensei လို့လည်းသိကြပြီး သူဟာ လူအများလိုချင်ကြတဲ့ လုပ်ငန်းအခွင့်အရေးတွေဖြစ်တဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေနဲ့ လက်တွဲ အလုပ် လုပ်ကိုင်ခွင့်ရထားသလို ကမ္ဘာ့ အကျော်ကြားဆုံး မဂ္ဂဇင်းများဖြစ်သည့် Forbes နဲ့ Vogue အပါအဝင် မီဒီယာ အမျိုးမျိုးနဲ့လည်း အလုပ်တွေ ပူးပေါင်း ဆောင်ရွက်နေသူ တဦးဖြစ်ပါတယ်။
ပါရမီရှင် လူငယ်ဓါတ်ပုံသမားဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းမှာ Tom Wood x Kelly Harrington Denim capsule collection အတွက် မော်ဒယ်လ် အဖြစ် ဆောင်ရွက်ခဲ့တဲ့ street style ဓါတ်ပုံသမားတွေထဲက တဦးဖြစ်ပါတယ်။
Vogue မှာ ဖော်ပြခြင်းမခံရခင် မတ်လက သူဟာ Forbes မဂ္ဂဇင်း၏ #Sheshistory ဆိုတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် လှုပ်ရှားမှုမှာ ဖေါ်ပြခံခဲ့ရပါတယ်။ သူမရဲ့ ရိုက်ကူးထားတဲ့ ဖက်ရှင်ဓာတ်ပုံများတွေကို Paper နဲ့ V မဂ္ဂဇင်းတွေမှာလည်း ဖေါ်ပြခဲ့ဖူးပါတယ်။
“Forbes မှာဖေါ်ပြခံရတာ အရမ်းကိုဂုဏ်ယူတယ်။ အဲဒါက ဘဝရဲ့ အောင်မြင်မှုတွေထဲက ကြီးကြီးမားအောင်မြင်မှုတခုပါပဲ” လို့ အသက် ၂၆ နှစ်အရွယ် ကင်မ်က ပြောသည်။ ကင်မ်ဟာ ယောကျာ်းတဦးလို ပြုမူနေထိုင်တဲ့ အမျိုးသမီး တယောက်ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ လူလားမြောက်ခဲ့တုန်းက ဒါမျိုးကို စိတ်ကူးယဉ်အိပ်မက် မက်နေလို့ပဲရတယ်။ အခုဒီလို အမှန်တကယ် ဖြစ်လာပြီဆိုတော့ အရမ်းကို ဝမ်းသာစရာကောင်းပါတယ်” လို့ သူ့ဘဝရဲ့ ထူးခြားတဲ့ အချိန်ကာလ တခုအကြောင်းကို ဓါတ်ပုံ ရိုက်ကူးရေး အစီအစဉ်တခုအတွက် ရန်ကုန်ကို ရောက်ရှိနေစဉ်မှာ ဧရာဝတီကို ပြောပြတာဖြစ်ပါတယ်။
သူရဲ့ ရှည်လျှားလှတဲ့ ဓါတ်ပုံသမားဘဝကို New York Fashion Week နဲ့ စတင်ခဲ့ပေမယ့်လည်း သူဟာ Tiffany and Co., W Hotels, Maybelline, Huawei နဲ့ H&M fashion စတဲ့ နာမည်ကျော် ကုန်အမှတ်တံဆိပ်တွေနဲ့ အလုပ်တွေ လက်တွဲလုပ်ခဲ့ဖူးပြီး ဒီလုပ်ငန်းတွေဟာ သူ့ကို ပုံမှန် အလုပ်အပ်သူများဖြစ်တယ်လို့ ဆိုပါတယ်။
ကင်မ်ဟာ မြန်မာနိုင်ငံကနေ အသက် ၁၄ နှစ်အရွယ်မှာ ထွက်ခွာခဲ့ပြီး ပင်ဆယ်ဗေးနီးယားပြည်နယ်၊ လန်ကက်စတာရှိ ဖရင်ကလင်နဲ့ မာရှယ် ကောလိပ်မှာ အာရှနိုင်ငံရေးနဲ့ ယဉ်ကျေးမှု (Asian Politics & Culture) တို့ိကို သင်ယူခဲ့ပါတယ်။ အဲ့ဒီ ကောလိပ်ကျောင်းသား အားလုံးဟာ အနုပညာဘာသာရပ်တခု သင်ယူဖို့ လိုအပ်တာကြောင့် ကင်မ်ကတော့ ဓာတ်ပုံပညာကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒါက ဇာတ်လမ်းအစပဲ၊ အဲဒီတုန်းက ကိုယ့်ကိုကိုယ် ဓါတ်ပုံသမားဖြစ်လာမယ်လို့ လုံးဝမသိခဲ့ဘူး” လို့ သူ့ရဲ့ ဖြစ်စဉ်ဇာတ်လမ်း အစကို ပြန်ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ မြင်သမျှအရာအားလုံးကို အမိအရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး သူငယ်ချင်းတွေ အတွက်လည်း ဖက်ရှင်ပုံ ခပ်မိုက်မိုက်လေးတွေ ရိုက်ကူးပေးခဲ့ပါတယ်။
“ဘွဲ့ရပြီးနောက် အချိန်ပိုရလာတယ်။ ဓါတ်ပုံသမားဖြစ်မလာခင်က ဖက်ရှင်ကိုလည်း အရမ်းစိတ်ဝင်စားခဲ့တယ်။ ဖက်ရှင် ရက်သတ္တပါတ်တွေ၊ ဘလော့ရေးသားသူတွေရဲ့ အဆက်မပြတ်သွားအောင် အမြဲ နားစွင့်နေခဲ့တယ်” လို့ ဆိုပါတယ်။
New York Men’s Fashion Week ကျင်းပချိန်နီးတဲ့အခါ ၂၀၁၅ ခုနှစ်ရဲ့ နေ့တနေ့မှာ သူဟာ လူသိများတဲ့ လူငယ် ဘလော့ရေးသားသူ ဒါသိရပ်စ် ဂေါ့ဖရေထံ စာရေးပြီး New York Fashion Week မှာ သူ့အတွက် ဓါတ်ပုံတွေ ရိုက်ပေးချင်ကြောင်း စာရေးပြီးပို့လိုက်ပါတယ်။
“အဆက်အသွယ်ရအောင် ကြိုးစားကြည့်တာပဲလေ။ ပြီးတော့ သူကခွင့်ပြုလိုက်တယ်။ အဲဒါဟာ ဒီလောကထဲရောက်ဖို့ ပထမခြေလှမ်းပဲ” လို့ ကင်မ်က ပြောသည်။
“အဲဒီနေ့ဟာ အံ့သြစရာကောင်းသလို အရမ်းလည်း ပင်ပမ်းတယ်။ ပွဲပြီးတဲ့အထိမ်းအမှတ် ပါတီကိုလည်း ဂေါ့ဖရေက ခေါ်ထားတော့ မော်ဒယ်တွေ၊ ဘလော့ရေးသူတွေ အများကြီးနဲ့ ဆုံခွင့်ရလိုက်တယ်” လို့လည်း သူ့အတွေ့အကြုံကို ပြန်ရှင်းပြပါတယ်။
အဲဒီနောက်မှာတော့ သူ့ကိုယ်သူ ဓာတ်ပုံဆရာ တယောက် ဖြစ်ချင်တယ်ဆိုတာကို သူကိုယ်တိုင် သိခွင့်ရခဲ့တယ်။
“ဘာမှ မသောက်ထားပဲနဲ့တောင်မှ အရမ်းကို ပျော်နေခဲ့တယ်။ ခန္ဓာကိုယ်က ပင်ပမ်းနေပေမယ့် ဒီအလုပ်ဟာ ကိုယ်တကယ် လုပ်ချင်တဲ့ အလုပ်၊ ချစ်တဲ့အလုပ်ဆိုတာကို သိလိုက်ရတယ်” လို့ ကင်မ် ကပြောပါတယ်။
သူရဲ့ ဓါတ်ပုံပညာကို ပိုမို ကောင်းမွန်လာအောင် ကြိုးစားပြီး လေးစား၊ အားကျရတဲ့ ဓါတ်ပုံသမားတွေထံက အွန်လိုင်းကတဆင့် လေ့လာခဲ့ပါတယ်။ The Street Sensei ဆိုတဲ့ အမည်ကိုလည်း ခံယူလိုက်ပါတယ်။
“The Street Sensei ဆိုတဲ့အမည်ကို နယူးယောက်က သူငယ်ချင်းတစ်ယောက်ကပဲ ပေးထားတာပါ။ လမ်းမပေါ်နေထိုင်မှုပုံစံ (Street Style)၊ ယဉ်ကျေးမှုကိုကြိုက်လို့ လမ်းပေါ်ဖက်ရှင်ဓါတ်ပုံတွေ အများကြီးရိုက်တယ်။ sensei ဂျပန်လိုဆိုရင် ဆရာ (Master) လို့အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးကို လူတိုင်းနီးပါးက သိတယ်။ ဒါကြောင့် အနုပညာအမည်က The Street Sensei ဖြစ်ရတာ” လို့ သူက ရှင်းပြပါတယ်။
အစပိုင်းမှာ အတွေ့အကြုံရအောင်သာ လုပ်ကိုင်နေရတာကြောင့် ဓါတ်ပုံပညာအတွက် အခကြေးငွေမယူခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ အချိန်တိုင်း ဓါတ်ပုံရိုက်လိုနေတဲ့ ဆန္ဒပြင်းပြနေတာကို သူကိုယ်တိုင် သတိထားမိနေပါတယ်။
အဲဒီနောက် ကင်မ်မှာ အဆက်အသွယ်တွေ အများကြီးရလာပြီး ဂေါ့ဖရေက သူ့ကို အများကြီး အကူအညီပေးခဲ့ပြီး လက်ရှိမှာတော့ သူတို့နှစ်ယောက်က အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်နေပြီလို့ ကင်မ် က ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ New York Fashion Weeks အများအပြားကို သွားရောက်ခဲ့ပြီး Street Stye နဲ့ ဖက်ရှင်ဓါတ်ပုံ အများအပြားကို ရိုက်ကူးပြီးဖြစ်ပါတယ်။ လုပ်ငန်းရှင်အများအပြားကလည်း သူ့ကိုစတင်သတိပြုမိလာခဲ့ပြီလေ။
“အဓိက ရုန်းကန်ရတာကတော့ ဈေးနှုန်းသတ်မှတ်တာတို့၊ ဈေးကွက်ရှာတာတို့၊ ညှိနှိုင်းတာတို့ကို မသိတာပဲ။ ဒါပေမယ့် ဂေါ့ဖရေက အများကြီးကူညီတယ်” လို့ သူ့အတွေ့အကြုံထဲ့က အခက်အခဲတချို့ကို ထုတ်ပြောပြပါတယ်။
လုပ်ငန်းရှင်တွေက သူ့ရဲ့ တမူထူးခြားတဲ့ တင်ဆက်ပုံတွေကြောင့် ငှားရမ်းကြတာဖြစ်ကြောင်းနဲ့ သူရဲ့ အလုပ်လုပ်ပုံနဲ့ လုပ်နိုင်စွမ်းတွေကိုလည်း နှစ်သက်ကြတဲ့အကြောင်း သူကပြန်ပြောပြပါတယ်။
“ပုံမှန်ကနေ ကွဲထွက်အောင် ဖန်တီးနိုင်ဖို့ အမြဲတမ်း ကြိုးစားတယ်” လို့ ဆိုပါတယ်။
ကင်မ်ရဲ့ ဓာတ်ပုံ ပုံစံတွေဟာ ဖက်ရှင်ကိုပဲ အဓိကဖြစ်ပေမယ့် Street နဲ့ Storytelling ပုံစံတွေကို ရောစပ် ဖန်တီးထားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။ လူနေမှုပုံစံနဲ့ ဖက်ရှင်ကို ပေါင်းစပ်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။
“လုပ်ငန်းရှင်တွေက ပရောဂျက်အတွက် ဘယ်လိုပုံစံ ရချင်တယ်ဆိုတာကို ပြောပြီး တီထွင်ဆန်းသစ်မှု အပိုင်းမှာတော့ ကင်မ်ကို လွတ်လွတ် လပ်လပ်လုပ်ခွင့်ပေးတယ်။ အဲဒါဟာ အရမ်းကို အံ့သြစရာကောင်းပြီး သူတို့က ကင်မ်ရဲ့ ဖန်တီးမှုအမြင်ကို ယုံကြည်ကြတယ်” လို့ ဂုဏ်ယူပြောဆိုပါတယ်။
ကင်မ်ဟာ ပြည်တွင်းက ထိပ်တန်းမော်ဒယ်တွေ၊ ဘလော့ရေးသားသူတွေနဲ့လည်း အတူတူ အလုပ်တွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ပြည်တွင်းက စူပါမော်ဒယ်တွေ အတွက် ကင်မ်ဖန်တီးပေးထားတဲ့ ဖက်ရှင် ဗီဒီယိုတွေနဲ့ သူ့ရဲ့ ခရီးသွား ဗီဒီယိုတွေကြောင့်လည်း မြန်မာပရိသတ်တွေက သူ့ကို သတိထားမိစေခဲ့တာဖြစ်ပါတယ်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ဖူးဘူး။ အပျော်ပဲ ပြန်လာဖြစ်တာများတယ်။ ဒီက စူပါမော်ဒယ်တွေ fashion weeks အတွက် နယူးယောက်ကိုလာရင် သူတို့ကိုရိုက်ပေးတာ။ အခုတော့ မြန်မာနိုင်ငံကိုလာတာက လုပ်ငန်းအစီအစဉ်တွေပါတယ်” လို့ ရှင်းပြပါတယ်။
ကင်မ်ဟာ The Moment နဲ့ ပူးပေါင်းပြီး “Push Your Boundaries” လို့ ခေါ်တဲ့ Modelling ပိုင်းမှာ ပါရမီရှိတဲ့ လူငယ်တွေကို ရှာဖွေကာ မြေတောင်မြှောက်ပေးမယ့် အစီအစဉ်ကို ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ပြန်လာဖြစ်တာဖြစ်ပြီး အတူပူးပေါင်းကာ အကောင်းဆုံးလူငယ်တွေကို ရွေးချယ်သွားမယ်လို့ ပြောပါတယ်။
“ဖက်ရှင်မဂ္ဂဇင်းအတွက် ဓါတ်ပုံတချို့လည်းရိုက်ဖို့ရှိတယ်” လို့ သူ့ုလုပ်ငန်းစဉ်ထဲက အစီအစဉ်တချို့အကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယူးယောက်တို့မှာ အလုပ်လုပ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ကင်က “နှစ်နိုင်ငံလုံးမှာ စိတ်ဖိစီးမှုရှိတယ်” လို့ ဆိုပါတယ်။
နယူးယောက်မှာက လုပ်ငန်းရှင်တွေဟာ ငှားထားတဲ့ ငွေကြေးနဲ့ တန်အောင် အလုပ်တွေ အများကြီးတောင်းဆိုပြီး အလုပ်ပိုများတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာကတော့ လုပ်ငန်းရှင်က ဘတ်ဂျက်ရှိရင် သူတို့ရဲ့ မားကတ်တင်း ဗျူဟာတွေက မြန်မာနိုင်ငံမှာ ဖြစ်တဲ့အတွက်ကြောင့် Traditional ဆန်လွန်းပြီး လွတ်လပ်စွာဖန်တီးခွင့်မရဘဲ အကန့်အသတ်တွေကြားမှာ လုပ်နေရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အဲဒါတွေကို ကင်မ် က လေးစားလိုက်နာပေးတယ်လို့ ဆိုပါတယ်။
“အဲဒါတွေအားလုံးနဲ့ အဆင်ပြေတယ်။ အဲဒီလို စိန်ခေါ်မှုတွေကို ကင်မ် ကြိုက်တယ်။ အဲဒါတွေဟာ နိုင်ငံနှစ်ခုက တခုတည်းသော မတူညီမှုပဲ။ ကိုယ်လုပ်ချင်တာ လုပ်လို့ရအောင် သူတို့နဲ့ တိုက်ပွဲဝင်ရတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ အဲဒီဖန်တီးမှုက ကင်မ်ရဲ့ နာမည်နဲ့ ထွက်လာမှာပဲလေ။ အဲဒီတော့ ကင်မ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ လိုတယ်” ဟု သူပြောသည်။
“လုပ်ငန်းရှင်တွေက အပြည့်အ၀ ဖန်တီးခွင့် ပေးပြန်တော့လည်း သူတို့မှာ ဘတ်ဂျက်က မလုံလောက်ဘူး” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖက်ရှင်လောကက အခိုင်အမာရှိနေတယ်လို့ သူက ယုံကြည်ထားပြီး မြန်မာနိုင်ငံက စူပါမော်ဒယ်အချို့ဟာ နိုင်ငံတကာမှာ လုပ်ကိုင်နိုင်သူတွေဖြစ်တယ်လို့လည်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
“ဒီကလူတွေက တကယ်ကို ပါရမီရှိကြတယ်လို့ ထင်တယ်။ တချို့မော်ဒယ်တွေဆိုရင် အရမ်းကို ပညာရှင်ပီသပြီး နိုင်ငံတကာမှာ မော်ဒယ်လျှောက်လို့ရတယ်။ သူတို့က အရမ်းကြိုးစားတယ်၊ အမြဲတမ်း လေ့လာနေတယ်၊ ခေတ်မီအောင်လုပ်တယ်၊ ဘာတွေ ရေပန်းစားနေတယ် ဆိုတာကို အမြဲနားစွင့်နေကြတယ်” လို့ မြန်မာမော်ဒယ်တွေအပေါ် ကင်မ်က သုံးသပ်ချက်ပေးပါတယ်။
“အခု လူမှုကွန်ရက် မီဒီယာက အရမ်းကို ရေပမ်းစားနေပြီး ဒါကို ကိုယ့်လုပ်ငန်းပိုပြီး လူသိများဖို့ ကောင်းတဲ့ ဖက်ကနေ အသုံးချတယ်။ ဒါကို ကိုယ့်အတွက် ကိုယ့်ကုန် အမှတ်တံဆိပ် အတွက် ကိရိယာတခုလို အသုံးချသင့်တယ်” လို့လည်း ထောက်ပြပါတယ်။
ဓာတ်ပုံဆရာတစ်ယောက်အဖြစ် အလုပ် လုပ်ကိုင်ရတာ နှစ်သက်တဲ့အကြောင်းအရင်း တခုကတော့ ဓာတ်ပုံရိုက်တာဟာ တနေရာတည်း၊ တမြို့တည်း၊ တနိုင်ငံတည်းမှာ လုပ်နေဖို့ မလိုဘဲ ခရီးတွေသွားရင်းနဲ့လည်း လုပ်ကိုင်နိုင်သလို ဘယ်နေရာမဆို ရိုက်ကူးနိုင်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
“အခုဆို အရာရာက ဒစ်ဂျစ်တယ်ပဲ။ ကိုယ့်မှာ နာမည်ကောင်းရှိပြီး အဆက်အသွယ် ကောင်းမယ်ဆို ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်တယ်” လို့ ဆိုပါတယ်။
မြန်မာလူငယ် ပါရမီရှင်တွေအနေနဲ့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို ဆန္ဒရှိတဲ့ အလုပ်ကို အာရုံစိုက်လုပ်ဖို့ကိုလည်း ကင်မ်က တိုက်တွန်းပါတယ်။
“ကိုယ့်မှာ လုပ်ချင်တာရှိရင် လုပ်သာလုပ်ကြည့်လိုက်ပါ။ ဆိုလိုချင်တာက ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုပဲ အာရုံစိုက်၊ သုတေသနတွေလုပ်၊ ကိုယ့်ထက်ဝါရင့်သူတွေ၊ တခြားစီနီယာတွေဆီကနေ လေ့လာ။ တကယ်လို့ အလုပ်မဖြစ်ရင်၊ ကိုယ့်နဲ့ မလိုက်ဖက်ရင် နောက်တော့ သိလာမယ်။ ဒါပေမယ့် မလုပ်ကြည့်ပဲနဲ့တော့ ဘယ်တော့မှသိမှာမဟုတ်ဘူး။ အဲဒီတော့ အရင်ဆုံး လုပ်ကြည့်ဖို့ပဲ လိုတယ်” လို့ တိုက်တွန်းပါတယ်။
ကင်မ်ဟာ နယူယောက်ကိုပြန်ပြီး ဓါတ်ပုံ ဆက်ရိုက်နေဦးမှာဖြစ်ပါတယ်။ တခြားမြို့တွေကို အခြားမြို့တွေကို ခရီးတွေထွက်ဖို့ အစီအစဉ်ရှိတယ်လို့ ။ မြန်မာနိုင်ငံသို့ပြန်လာပြီး ဓါတ်ပုံရိုက်လိုသေးကြောင်းလည်းသူပြောသည်။
“မြန်မာနိုင်ငံက တခြားလူငယ်ပါရမီရှင်တွေနဲ့ အလုပ်တွေ တွဲလုပ်သွားဖို့ ကင်မ်မှာ အစီအစဉ်ရှိတယ်။ ဆောင်ရွက်မယ်။ လူငယ်တွေက အရမ်းကို စိတ်အားထပ်သန်တယ်။ ပြီးတော့ ကိုယ်ကလည်း တချိန်က သူတို့လို လူငယ်ဖြစ်ခဲ့တယ်၊ ဖြတ်သန်းခဲ့ဖူးတယ်။ နောက်တော့ တယောက်ယောက်က ကင်မ်ရဲ့ ပါရမီကို မြင်ခဲ့တယ်။ ကိုယ်တိုင်ကလည်း အဲဒီလို အခွင့်အရေးမျိုးကို တခြားတယောက်ကို ပေးချင်တယ်” လို့ သူ့ရည်ရွယ်ချက် တချို့ကို ရှင်းပြပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံမှာရော နယူးယောက်မှာပါ ကိုယ်ပိုင်စတူဒီယိုလိုချင်တယ်။ သိပ်ပြီးဖြစ်ချင်တာတွေ များသွားလားမသိဘူး။ လူတွေဟာ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရရင် အဲဒါဟာ ကံကောင်းခြင်းပဲ။ ကိုယ်လုပ်ချင်တာလည်း လုပ်ခွင့်ရတယ်၊ အဲဒီအတွက်လည်း ဝင်ငွေရတယ်ဆိုရင်တော့ အဲဒါဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲ။ သူတို့ချစ်တာကို သူတို့လုပ်လို့ ငွေရတယ်ဆိုရင် အဲဒါဟာ အိမ်မက်တခုပဲ။ အခု ကင်မ်က ကင်မ်ရဲ့ အိမ်မက်ထဲမှာ ရှင်သန်နေထိုင်နေတယ်လို့ ပြောရမယ်။ ဒါပေမယ့် နောက်ထပ် အိပ်မက်တွေ ရှိနေသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအတိုင်းရပ်နေလို့မရဘူးလေ” လို့ သူဆက်လျှောက်မယ့် ခြေလှမ်းတွေ အကြောင်းလည်း ပြောပြသွားပါတယ်။
(Lwin Mar Htun ၏ Young Myanmar Photographer Living the Dream in New York ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)