လူသတ်သမားတွေဟာ ကြောက်ဖို့ ကောင်းတဲ့လူတွေ ဖြစ်ပါတယ်။ ဒီလို လူသတ်သမားတွေထဲကမှ ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ ကွင်းဆက် လူသတ်သမားတွေ ရှိနေပါသေးတယ်။ ကွင်းဆက်လူသတ်သမားတွေထဲမှာ ဓါးပြတိုက်၊ မုဒိမ်းကျင့်၊ ကျွန်ပြုတဲ့ လူသတ်သမားမျိုးစုံရှိပြီး အခုဖော်ပြပေးမယ့် လူတွေကတော့ အန္တရာယ် အများဆုံး လူသတ်သမားတွေပဲ ဖြစ်ပါတယ်။
(၁) Ted Bundy
၁၉၇၀ နှစ်များက အမေရိကန်နိုင်ငံမှာ ကြောက်စရာအကောင်းဆုံးက Ted Bundy လို့ ဆိုနိုင်ပါတယ်။ သူဟာ အမျိုးသမီးတွေကို ပြန်ပေးဆွဲခြင်း၊ မုဒိမ်းကျင့်ခြင်းတွေကို ပြုလုပ်ပြီး လူသတ်တဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့ကို သတ်မိန့် ချခဲ့ပြီး သူ့ကို မဖမ်းမိခင်အထိ အမျိုးသမီး ၃၀ ကျော်ကို သတ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ရုပ်ရည်ချောမောတဲ့ တက္ကသိုလ် ကျောင်းသားတယောက် ဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ ကြိုက်နှစ်သက်မှုကို ခံရသူလည်း ဖြစ်ပါတယ်။
(၂) Andrei Chikatilo
၁၉၇၈ ခုနှစ်နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ ဆိုးဆိုးဝါးဝါး လူသတ်ခဲ့တဲ့ ရုရှားလူသတ်သမား Andrei Chikatilo ဟာ အမျိုးသမီးနဲ့ ကလေး အယောက် ၅၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ပြီး သတ်ခဲ့တယ်လို့ သိရပါတယ်။ သူသတ်ခဲ့တဲ့လူတွေထဲမှာ အငယ်ဆုံး ကလေးက အသက် ၉ နှစ်သာ ရှိပါသေးတယ်။ သူသတ်ခဲ့တဲ့ အရေအတွက်ကို တချို့က ၅၆ ယောက်လို့ ယူဆပြီး တချို့ကတော့ ၅၃ ယောက်လို့ ဆိုကြပါတယ်။ သူ့ကိုတော့ ၁၉၉၄ ခုနှစ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။
(၃) Jeffrey Dahmer
ကြောက်စရာ အကောင်းဆုံးကွင်းဆက် လူသတ်သမားတွေအကြောင်းကို ပြောမယ်ဆိုရင် အမေရိကန်နိုင်ငံက Jeffrey Dahmer က မပါမဖြစ်ပဲ ဖြစ်ပါတယ်။ သူက ၁၄ နှစ်အတွင်း လူငယ် (အမျိုးသား) ပေါင်း ၁၇ ယောက်ကို သတ်ခဲ့ပါတယ်။ သတ်ရုံတင်မကဘဲ မုဒိမ်းကျင့်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခုတ်ထစ်ခြင်းတွေ ပြုလုပ်ပြီး တချို့တွေကို စားခဲ့တယ်လို့ သိရပါတယ်။
တချို့တွေရဲ့ ခေါင်းကို လွန်ပူနဲ့ ဖောက်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ သူ့ကို ထောင်ချထားတဲ့ အချိန်မှာ အခြားထောင်သားတွေရဲ့ မသေမချင်းရိုက်သတ်ခြင်းကို ခံခဲ့ရပါတယ်။
(၄) John Wayne Gacy
John Wayne Gacy ကိုတော့ တော်တော်များများက Killer Clown (လူသတ်လူရွှင်တော်) လို့ သိကြပါတယ်။ သူဟာ သူ့ရဲ့ ကွင်းဆက်လူသတ်ခြင်းကို ၆ နှစ်ကျော် ကျူးလွန်ခဲ့ပြီး အဲဒီ ၆ နှစ်အတွင်း ဆယ်ကျော်သက်အမျိုးသား ၃၃ ယောက်ကို မုဒိမ်းကျင့် သတ်ခဲ့ပြီး ခန္ဓာကိုယ်တွေကို ခုတ်ထစ်ကာ သူ့အိမ်ဝန်းအတွင်းမှာ မြှုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့ကိုတော့ ၁၉၉၄ ခုနှစ် မေလမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
Ref;trill