Microsoft က Android အတွက် ထုတ်ပေးထားတဲ့ Excel app မှာ စာရင်းဇယားတွေနဲ့ အလုပ်လုပ်နေရသူတွေအတွက် အမှန်တကယ် အသုံးဝင်မယ့် လုပ်ဆောင်ချက်အသစ်တမျိုး ပါဝင်လာပါတယ်။ စာရွက်ပေါ်က စာရင်းဇယားတွေကို ဓာတ်ပုံ ရိုက်လိုက်တာနဲ့ Edit ပြုလုပ်နိုင်တဲ့ Spreadsheet အဖြစ် အလိုအလျောက် ပြောင်းလဲပေးသွားမယ့် လုပ်ဆောင်ချက်ပါ။
အရင်လို စာရွက်ပေါ်က စာရင်းဇယားတွေ၊ ပြေစာတွေကို Spreadsheet ထဲ ကိုယ်တိုင်ကိုယ်ကျ ပြန်ထည့်သွင်းနေစရာ မလိုတော့ပါဘူး။ အချိန်ကုန်၊ လူပင်ပန်း သက်သာမယ့် လုပ်ဆောင်ချက်အသစ် ဖြစ်ပါတယ်။
ပုံရိပ်သိရှိဖော်ဆောင်မှုနည်းပညာကို (Image Recognition) အသုံးပြုထားတဲ့ ယခုလုပ်ဆောင်ချက်ကို “Insert Data from Picture” လို့ Microsoft က အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့နှစ်က Ignite ပွဲမှာ အမြည်းပြသခဲ့တဲ့ Excel ကို ပိုမို အသုံးဝင်စေမယ့် လုပ်ဆောင်ချက်အသစ်လေးခုထဲက တခု ဖြစ်ပါတယ်။
Microsoft ဟာ Image Recognition၊ Machine Learning နဲ့ AI နည်းပညာတွေကို အသုံးပြုပြီး အလားတူ အသုံးဝင်မယ့် လုပ်ဆောင်ချက်အသစ်တွေကို Excel သာမက တခြား Ofiice Apps တွေဆီလည်း ယူဆောင်လာဖို့ ရှိပါတယ်။
Insert Data from Picture လုပ်ဆောင်ချက်ကို Excel Android app မှာ ယနေ့က စတင် အသုံးပြုနိုင်ပြီ ဖြစ်ကာ၊ iOS အတွက်လည်း မကြာခင် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် စမ်းသပ်ဆဲ beta လုပ်ဆောင်ချက် ဖြစ်တာကြောင့် Office Insiders အသုံးပြုသူတွေကိုပဲ စတင် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ရှေ့လတွေအတွင်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမှာ ဖြစ်ပြီး၊ အဆင်သင့် ဖြစ်တာနဲ့ Office Insiders နဲ့ Office 365 ရယူထားသူ အားလုံးကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Uber Gizmo, Tech Spot