Lifestyle

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီး

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ Kane Tanaka လို့ အမည်ရတဲ့ အဘွားဟာ အသက် ၁၁၆ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သူမဟာ အခုအချိန်ထိ ပျော်ရွှင်စွာနေထိုင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အကြီးဆုံး အမျိုးသမီးရဲ့ အကြောင်းတွေကို ဖော်ပြချင်ပါတယ်။

Kane Tanaka ကို ၁၉၀၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ မိဘနှစ်ပါးက ပေးစားသူနဲ့ လက်ထပ်ခဲ့ပြီး ကလေး ၅ ယောက် မွေးဖွားခဲ့ပါတယ်။ သူမတို့ မိသားစုဟာ ကောက်ညှင်းရောင်းခြင်း၊ ဂျပန်ရိုးရာ မုန့်အချိုများ ရောင်းချခြင်းနဲ့ ခေါက်ဆွဲရောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၃၇ ခုနှစ်မှာ သူမရဲ့ အမျိုးသားဟာ စစ်ထဲ ဝင်လိုက်ရတာကြောင့် သူမဟာ မိသားစု စီးပွားရေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ကလေးတွေကို ယောက္ခမဖြစ်သူက ကူညီ ထိန်းကျောင်းပေးပြီး ၁၉၄၃ ခုနှစ်ကို ရောက်တဲ့ အခါ သူမရဲ့ သားအကြီးက စစ်ထဲဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။

သူမဟာ မိသားစု လုပ်ငန်းကို အသက် ၆၃ နှစ်အထိ ဦးစီးလုပ်ကိုင်ခဲ့ပြီး အသက် ၆၃ နှစ်မှာ အနားယူခဲ့တယ်လို့ သိရပါတယ်။

ဂင်းနစ်အဖွဲ့နဲ့ အင်တာဗျူးပြုလုပ်ချိန်မှာ သူမရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်တွေကို ပြောပြခဲ့ပါသေးတယ်။

သူမဟာ အိပ်ရာစောစောထလေ့ရှိပါတယ်။ မနက် ၆ နာရီမှာ အိပ်ရာထပြီး တနေကုန်အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အသက်ကြီးလာပေမယ့် မှတ်ဉာဏ်တွေ ပျောက်မသွားဖို့ကို သူမက စာများများဖတ်ပြီး ဂဏန်းတွက်ချက်ခြင်းတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

သူမဟာ ချောကလက်အများကြီး စားပြီး ကော်ဖီလည်း အလွန်သောက်တယ်လို့ ဆိုပါတယ်။ ဂင်းနစ်အဖွဲ့နဲ့ အင်တာဗျူးလုပ်ချိန်မှာ သူမကို ချောကလက်ဘူးပေးတဲ့ အခါ သူမက ချက်ချင်းဖောက်စားလိုက်တယ်လို့ သိရပါတယ်။ အင်တာဗျူးသူတွေက ဘယ်နှခု စားမလဲ မေးချိန်မှာတော့ သူမက “အလုံး ၁၀၀ လောက်စားလိုက်ချင်တယ် ” လို့ ဖြေဆိုခဲ့ပါသေးတယ်။

သူမ လက်ကိုင် ကျင့်သုံးတဲ့ ဆောင်ပုဒ်ကတော့ “ဘာပဲ ဖြစ်လာပါစေ။ မျှော်လင့်ချက်ကို လက်မလွှတ်ပါနဲ့” ဆိုတဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက် ၁၂၀ အထိ အသက်ရှင်ဖို မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Ref ; brightside

Loading