ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုမှာတော့ တရားလိုဖြစ်သူ အလှမယ်သင်းသင်းရဲ့ သက်သေခံများ ၊ ထွက်ဆိုချက်များကို ရယူပြီးသွားတဲ့အပေါ်မှာ ဘယ်လောက်ထိ မှန်မလဲ ဆိုတာကိုတော့ ပြန်လှန်စစ်မေးမှသိရမှာဖြစ်တယ်လို့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူ ဦးဖိုးဖြူက ပြောပါတယ်။
“စွပ်စွဲတဲ့သူဘက်ကတော့ သူ့ရဲ့စွပ်စွဲချက်တပိုင်းပဲရှိပါသေးတယ်။ အဲဒီတပိုင်းကိုပဲ ကျနော်တို့က တဖက်သတ်ကြီး ပြောလို့မရသေးပါဘူး။ အပြောပဲရှိသေးတာပေါ့။ တပိုင်းအပြောပဲရှိသေးတာပေါ့။ အဲဒီအပြောတွေဟာ ဘယ်လောက်ထိမှန်တယ်ဆိုတာ ပြန်လှန်စစ်မေးတဲ့အခါမှ ပေါ်ပေါက်လာမှာပေါ့” လို့ တရားခံရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
ယနေ့ မတ်လ ၂၈ရက်နေ့မှာ ချိန်းဆိုတဲ့တရားရုံးမှာတော့ စွပ်စွဲခံရသူဘက်မှ ပြန်လည်ချေပရမှာဖြစ်သော်လည်း စွပ်စွဲခံရသူရဲ့ ရှေ့နေမှာ တခြားသောတရားရုံးချိန်းနှင့် တိုက်ဆိုင်နေခြင်းနဲ့ အချက်အလက်များကို ပြည့်စုံစေရန်ပြုလုပ်နေခြင်းတို့ကြောင့် နောက်တကြိမ်ရုံးချိန်းကိုသာ ပြန်လည်ချိန်းဆိုခဲ့တာဖြစ်ပါတယ်။
“ဒီနေ့က ဦးဝေဠုကျော်ဘက်ကနေ ပြန်လည်စစ်မေးတာတွေကို ပြုလုပ်ရမယ့်နေ့ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒေါ်သင်းသင်းဦးရဲ့ ထွက်ဆိုချက်တွေပေါ်မှာ ပြန်လည်စစ်ဆေးပြီးတော့ သက်သေခံချက်တွေကို ဆန်းစစ်ရမယ့်ရုံးချိန်းရက်မျိုးဖြစ်ပါတယ်”
“ဒါပေမယ့် ကိုဝေဠုကျော်ရဲ့ညွှန်ကြားချက်အရ တခြားတခြားသော သူ့ဘက်က တင်ပြစရာသက်သေခံချက်တွေ အချက်အလက်တွေကို ဒီထက်ပိုပြည့်စုံအောင် ပြင်ဆင်ဖို့လိုအပ်တာလေးတွေရှိနေပါသေးတယ်။ ဒီအပိုင်းက တပိုင်းပေါ့နော်။ ကျနော်ကိုယ်တိုင်ကလည်း ခရိုင်မှာ ရုံးချိန်းတချိန်းနဲ့တိုက်ဆိုင်နေတာရှိပါတယ်။ အဲဒီအချက် ၂ချက်ကြောင့်ပါ။ အဲဒါကြောင့် ရုံးချိန်းတချိန်းကို ထပ်တိုးပြီးယူလိုက်တယ်လို့လည်း ပြောလို့ရပါတယ်” လု့ိ ဦးဖိုးဖြူက ပြောပါတယ်။
နောက်တကြိမ်ရုံးချိန်းကိုတော့ ဧပြီလ ၁၁ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး နောက်တချိန်းမှာတော့ တရားလိုဖြစ်သူသင်းသင်းရဲ့ ထွက်ဆိုချက်များကို ပြန်လည်စစ်ဆေးမေးမြန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဧပြီလ ၁၁ရက်နေ့မှာ ဒေါ်သင်းသင်းဦးကို ပြန်လည်စစ်မေးတဲ့လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားပါမယ်။ သူ့ရဲ့ ထွက်ဆိုချက်တွေ သက်သေခံချက်တွေဟာ ဥပဒေနဲ့ဝင်တယ် မဝင်ဘူး။ တရားဝင်တယ်။ မဝင်ဘူး။ ဒါ့အပြင် မှတ်ကျောက်တင်ရမယ့် အခြေအနေတခုကို ဖော်ထုတ်သွားဖို့အတွက်ကို နောက်ရုံးချိန်းမှာ ပေါ်ပေါက်သွားဖို့ ရှိပါတယ်” လို့ပြောပါတယ်။
ဆက်လက်ပြီး “ကိုဝေဠုကျော်ဘက်ကလည်း တင်ပြစရာရှိတဲ့ အထောက်အထားတွေကို ပြည့်ပြည့်စုံစုံတင်ပြနိုင်အောင် ကြိုးစားထားပါတယ်။ ကိုဝေဠုကျော်နဲ့ ကိုဝေဠုကျော်ရဲ့အနုပညာပရိသတ်ကြီးကိုလည်း ဆက်လက်ပြီးတော့ အမှန်တရားဖော်ထုတ်မှုတွေကို စောင့်ကြည့်ပါ။ အမှန်တရားပေါ်မှာ ဆက်လက်ပြီး ရပ်တည်အားပေးသွားပါ။ ကျနော်တို့ကလည်း တရားမျှတမှုကို မရရအောင် ရှာဖွေဖော်ထုတ်ပေးသွားပါမယ်လို့ ကတိပြုချင်ပါတယ်” လို့ ဦးဖိုးဖြူက ပြောပါတယ်။
ဇန်နဝါရီ ၈ရက်နေ့မှ စတင်တရားစွဲဆိုခဲ့တဲ့ အဆိုပါအမှုမှာတော့ စွပ်စွဲခံရသူ ဝေဠုကျော်မှ အာမခံငွေကျပ် သိန်း ၅၀ဖြင့် အာမခံရယူထားကာ တရားရုံးချိန်းများသို့ မပျက်မကွက်တက်ရောက်ခဲ့ပြီး ယနေ့အထိမှာတော့ တရားလိုဖြစ်သူ သင်းသင်းရဲ့ ထွက်ဆိုချက်များ ၊ သက်သေများသာ ရယူထားတာပဲဖြစ်ပါတယ်။
တရားလိုဖြစ်သူ သင်းသင်းမှ သရုပ်ဆောင်ဝေဠုကျော်အား ဇန်နဝါရီလ ၈ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် စတင် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်မှ တရားရုံးသို့ လာရောက်၍ အာမခံ လျှောက်ထားခဲ့ကာ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ရုံးချိန်းမှာတော့ စတင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်သတင်းလင့်ခ် – တရားမျှတမှု အမှန်တရားအတွက် ဆောင်ရွက်သွားမယ့် ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဖိုးဖြူ