အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမြို့နဲ့ ကယ်လီဖိုးနီးယားမြို့မှာရှိတဲ့ Disney အပန်းဖြေဥယျာဉ်ဟာ ကမ္ဘာ့ နာမည်ကြီးနေရာတွေပါ။ ကလေးတွေသာမက လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ ဒစ္စနေးလို နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်လိုက်ပါတယ်။ ဒစ္စနေးကတော့ ဆေးလိပ်သောက်ခြင်းကို တားမြစ်ရုံသာမက ကြီးမားတဲ့ လက်တွန်းလှည်းတွေ တွန်းပြီး သွားနေတာကို တားမြစ်လိုက်ပါတယ်။
ဒီတားမြစ်ချက်ဟာ မေလ ၁ ရက်နေ့ကနေ စတင် အသက်ဝင်မှာဖြစ်ပြီး ဆေးလိပ်သောက်တတ်တဲ့ ဧည့်သည်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ဆေးလိပ်သောက်ခွင့် ပြုမှာ ဖြစ်ပါတယ်။
နွေရာသီမှာဆိုရင် ဒစ္စနေး အပန်းဖြေဥယျာဉ်တွေဟာ လူပိုစည်ကားလေ့ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးငယ်တွေ အပါအဝင် အလည်လာရောက်ကြတဲ့ ဧည့်သည်တွေ စိတ်အနှောင့်အယှက် မဖြစ်ရအောင် ဆေးလိပ်သောက်ခြင်းနဲ့ ကြီးမားတဲ့ လက်တွန်းလှည်းတွေ တွန်းပြီး သွားနေတာမျိုးကို တားမြစ်ခဲ့ပါတယ်။
လက်တွန်းလှည်း အရွယ်အစားကို သတ်မှတ်ရတာကတော့ လမ်းပိတ်ဆို့မှာ ဆိုးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဒစ္စနေးရဲ့ ပြောရေးဆိုခွင့်ရထားတဲ့ အမျိုးသမီး Deb Koma က ပြောပါတယ်။ အခုလို မူဝါဒအသစ်တွေကို ချမှတ်ရတဲ့အတွက်လည်း ဒစ္စနေးကို လာရောက် လည်ပတ်ကြတဲ့ ဧည့်သည်တွေအဖို့ အလွန်အကျွံ စိုးရိမ်ပူပန်နေရတာမျိုး မဖြစ်သင့်ဘူးလို့လည်း Koma က ပြောပါတယ်။
လက်တွန်းလှည်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အတိုင်းအတာလောက်ကိုတော့ ဆက်လက် ခွင့်ပြုပေးသွားမှာပါလို့ သူမက ပြောပါတယ်။ အခုသတ်မှတ်ထားတဲ့ အချက်တွေကလည်း နှစ်ဦးနှစ်ဘက်စလုံးအတွက် ကောင်းဖို့ဖြစ်သလို မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးတဲ့ အတွက်ပါလို့ Koma က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းတုန်းကလည်း ဒစ္စနေးဟာ လက်မှတ်ခတွေကို တိုးမြှင့်ခဲ့ပါသေးတယ်။ လက်တွန်းလှည်းနဲ့ ပတ်သက်တဲ့ အရွယ်အစားကိုလည်း ဒစ္စနေးက သတ်မှတ်ပေးထားပါတယ်။ ဒစ္စနေးကို အလည်လာတဲ့ ဧည့်သည်တွေအနေနဲ့ ၃၁ ပေ အကျယ် ရှိပြီး ၅၂ ပေရှည်တဲ့ လက်တွန်းလှည်းကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး အဲဒီအရွယ်အစားထက် ကြီးနေမယ်ဆိုရင်တော့ ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
လက်တွန်းလှည်းတွေကို ဒစ္စနေးမှာ ငှားရမ်းလို့လည်း ရနိုင်ပါသေးတယ်။ ငှားရမ်းခအနေနဲ့ကတော့ တနေ့စာအတွက် ၁၃ ဒေါ်လာ ဒါမှမဟုတ် ၁၅ ဒေါ်လာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။
Ref : edition.cnn