မြန်မာလူမျိုးတို့ရဲ့ ရိုးရာပွဲတော်တွေထဲက လူကြိုက်အများဆုံးပွဲတော် တခု ဖြစ်တဲ့ မဟာသြင်္ကန်ပွဲတော်ဟာ မကြာခင်ပဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ရန်ကုန် သြင်္ကန်ကတော့ အရင်နှစ်တွေကထက် လမ်းလျှောက်သြင်္ကန်ပိုများတယ် လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ် ရန်ကုန်သြင်္ကန်မှာ လည်ပတ်စရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) လမ်းလျှောက်သြင်္ကန်များ
ဒီနှစ်ပြုလုပ်မယ့် လမ်းလျှောက် သြင်္ကန်တွေထဲမှာ အင်းယားလမ်းလျှောက်သြင်္ကန်ကတော့ အကြီးကျယ်ဆုံး ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အင်းယား လမ်းလျှောက်သြင်္ကန်ကို ဇုန် ၉ ခုထားပြီး ကျင်းပမယ်လို့ သိရပါတယ်။
လည်ပတ်ချင်သူတွေအနေနဲ့ ပြည်လမ်း ဘက်မှာရော တက္ကသိုလ်ရိပ်သာလမ်း ဘက်မှာပါ မုခ်ဦးတွေ ရှိပါတယ်။ ဒီလမ်းလျှောက်သြင်္ကန်မှာ လမ်းလျှောက်ရင်း ရေပက်တာအပြင် Color Festival တွေပါ ပါဝင်ပြီး မုန့်ဈေးတန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်တော့ CCTV ကင်မရာများ တပ်ဆင်ထားပြီး လုံခြုံရေး ၃၀၀ ခန့်ထားရှိမယ်လို့ သိရပါတယ်။
မိသားစုလိုက် လည်ပတ်ဖို့ အဆင်ပြေတဲ့ နေရာတခုဖြစ်တဲ့ အပြင် နာမည်ကျော် အနုပညာရှင်တွေ များစွာ လာရောက်ဖျော်ဖြေမှာလည်း ဖြစ်ပါတယ်။ အင်းယားလမ်းလျှောက်သြင်္ကန်အပြင် ကန်တော်ကြီး လမ်းလျှောက်သြင်္ကန်၊ ဦးဥတ္တမပန်းခြံ လမ်းလျှောက် သြင်္ကန်၊ မဟာဗန္ဓုလလမ်း လမ်းလျှောက် သြင်္ကန်နဲ့ မြကျွန်းသာ လမ်းလျှောက် သြင်္ကန်ဆိုပြီး နေရာ ၅ ခု ခွဲကာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
(၂) Thingyan Music Festival (TMF)
ရန်ကုန်မြို့နေ လူငယ်တွေရဲ့ အကြိုက် မဏ္ဍပ်တခုဖြစ်တဲ့ TMF ကတော့ ပြည်လမ်းက အင်းယား ကန်ဘောင်မှာ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီမဏ္ဍပ်မှာ ကမ္ဘာကျော် DJ တွေ ဖြစ်တဲ့ Steve Aoki, Crisis Era, Darren Styles, Gammers, Said The Sky, Tony Junior, Zatox တို့က လာရောက် ဖျော်ဖြေမှာ ဖြစ်ပြီး မြန်မာနိုင်ငံက နာမည်ကြီး DJ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ All Days (ရိုးရိုး) ၁၁၀၀၀၀ ကျပ်၊ All Days (VIP) ၂၀၀၀၀၀ ကျပ်တို့ ဖြစ်ပါတယ်။
(၃) Underwater Kingdoms -BlackJack
ပြည်လမ်း အင်းယားကန်ဘောင်မှာ ကျင်းပမယ့် Underwater Kingdoms -BlackJack မှာတော့ ရေအောက်ကမ္ဘာပုံစံနဲ့ တည်ဆောက်ထားပြီး စတိတ်အဆင့်ဆင့်ပါဝင်ပြီး နိုင်ငံတကာက DJ ၇ ဦး ပါဝင်ပြီး ပြည်တွင်းအနုပညာရှင် ၃၅ ဦး ပါဝင်မယ်လို့ သိရပါတယ်။ လက်မှတ်ခတွေကတော့ All Days (ရိုးရိုး) ၇၀၀၀၀ ကျပ်နဲ့ All Days (VIP) ၁၀၀၀၀၀ ကျပ် ဖြစ်ပါတယ်။
(၄) Barrack Water Festival 2019
Barrack Water Festival 2019 ဟာလည်း ပြည်လမ်း၊ ကန်ဘောင်မှာ ကျင်းပမှာ ဖြစ်ပြီး Noisecontrollers, Salvatore Ganacci, Wav3motion, DJ SURA,DJ Da Candy, DJane DJoly တို့ လာရောက် ဖျော်ဖြေမှာဖြစ်ပြီး ပြည်တွင်းမှာ ရှိတဲ့ “ရောက်ရှိ” နဲ့ ချိတ်ဆက်ကာ ပြည်တွင်း Hip Hop အဆိုတော်တွေဖြစ်တဲ့ J-me, Cyclone, Lanbar, Big Zee, Lil’Z တို့ ပါဝင်မယ်လို့ သိရပါတယ်။ လက်မှတ်ဈေးကတော့ All Days (ရိုးရိုး) ၆၀၀၀၀ ကျပ်၊ All Days(VIP) ၉၀၀၀၀ ကျပ် ဖြစ်ပါတယ်။
(၅) Mingalar Bus
ရေပက်ခံထွက်ဖို့ စဉ်းစားနေသူတွေ အတွက်ကတော့ Mingalar Bus ဆိုတဲ့ ရေပက်ခံကားတွေ ရှိနေတယ်လို့ သိရပါတယ်။ ကားသွားမယ့် လမ်းကြောင်းကတော့ ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပါရမီလမ်းတွေကို ပတ်မှာ ဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ အင်းယား လမ်းလျှောက်သြင်္ကန်ကို လည်ပတ်ဖို့ ကားကို ပြည်လမ်းထိပ်မှာ ရပ်ပေးပြီး တက္ကသိုလ်ရိပ်သာလမ်းမှာ ပြန်စောင့်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကားပေါ်မှာ ရေတိုင်ကီတွေကို တင်ထားပေးမှာ ဖြစ်လို့ ရေလည်း ပက်လို့ ရပါမယ်။ ကားခကတော့ အကြိုနေ့အတွက် ၂၅၀၀၀ ကျပ်၊ အကျနဲ့ အကြတ်အတွက် ၃၅၀၀၀ ကျပ်နဲ့ အတက်နေ့အတွက် ၅၀၀၀၀ ကျပ် ကျသင့်တယ်လို့ သိရပါတယ်။