ကားနဲ့ ခရီး အကြာကြီးသွားတဲ့အခါ ညောင်းတာကြောင့် ကိုယ့်ကိုယ်ကို သက်သာအောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး နေလေ့ရှိပါတယ်။ ဒါပေမယ့် ကားပေါ်ကို ရောက်ရင် ရှောင်ရမယ့် အချက်တွေ ရှိပါတယ်။ အချို့အချက်တွေကို ကားစီးတဲ့ သူတွေဟာ ဂရုမပြုမိဘဲ ပြုလုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ကားစီးတဲ့အခါ မပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကား Dashboard ပေါ် ခြေထောက်တင်ခြင်း
ကား Dashboard ကို ခြေထောက်တင်ပြီး စီးတာဟာ သက်သောင့်သက်သာ ဖြစ်တယ်ဆိုပေမယ့် အန္တရာယ်များလွန်း ပါတယ်။ အမေရိကန်မှာ ရှိတဲ့ ကားမောင်းသူတွေဟာ ဘေးမှာပါလာတဲ့ ခရီးသွားဖော်တွေကို ဒီလို မစီးဖို့ သတိပေးလေ့ မရှိကြပါဘူး။ ဒါကြောင့် ကားတိုက်မှုတွေ ဖြစ်တဲ့အခါ အဲလို စီးတဲ့သူတွေဟာ ခြေထောက်ကျိုးလေ့ရှိတယ်လို့ သိရပါတယ်။
(၂) အစာ စားခြင်း
ကားမောင်းနေချိန်မှာ ကားပေါ်မှာ အစားစားခြင်းဟာ အန္တရာယ်များပါတယ်။ စားတာက ကိစ္စမရှိပေမယ့် တခုခုမှောက်သွားတဲ့ အခါ လူဟာ သတိလက်လွတ်ဖြစ်ပြီး ကားမောင်းနေတာကို အာရုံမစိုက်တာတွေ ဖြစ်တတ်လို့ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ကားမောင်းနေချိန် အစားစားရင် ဒဏ်ငွေကောက်တယ်လို့ သိရပါတယ်။
(၃) နားကြပ်တပ်ထားခြင်း
ကားမောင်းပြီး ခရီးသွားရတာဟာ ညောင်းညာပြီး ပင်ပန်းလေ့ရှိပါတယ်။ ဒါကြောင့် သီချင်းနားထောင်လေ့ရှိကြပါတယ်။ ကားပေါ်မှာ ပါတဲ့ စပီကာ ရှိပြီးသား ဖြစ်လို့ နားကြပ်တပ်ပြီး သီချင်းနားမထောင်သင့်ပါဘူး။ ကားမောင်းတာဟာ အာရုံလွင့်သွားလို့ မရတဲ့ အလုပ်ဖြစ်လို့ ကားပေါ်က စပီကာနဲ့ သီချင်းနားထောင်ရင်တောင် အသံအကျယ်ကြီးဖွင့်ပြီး နားမထောင်သင့်ပါဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၄) ကားနောက်ဖုံးများ ပစ္စည်းများထားခြင်း
ကားနဲ့ ခရီးသွားတဲ့အခါ အိမ်မှာ ရှိတဲ့သူတွေ အားလုံးရဲ့ ခရီးဆောင်ပစ္စည်းတွေကို နောက်ဖုံးမှာ တင်တတ်ကြပါတယ်။ မလိုအပ်တဲ့ ပစ္စည်းတွေကို မတင်ဖို့နဲ့ တင်တဲ့ အခါ စနစ်တကျ တင်ဖို့ လိုအပ်ပါတယ်။ နောက်ကြည့်မှန်ကို မကွယ်အောင် တင်ဖို့က အရမ်းကို အရေးကြီးပါတယ်။ နောက်ကြည့်မှန်ကို ကွယ်အောင် တင်မိရင် သင့်အန္တရာယ်ကို သင်တော်ရုံ မမြင်ဘဲ ဖြစ်ပါလိမ့်မယ်။
နောက်ထပ် မလုပ်သင့်တဲ့ အရာတွေကတော့ ကားမောင်းနေချိန် အဝတ်လဲခြင်း၊ ဆေးလိပ်မီးညှိခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ ခရီးသွားဖော်နဲ့ ငြင်းခုံခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Ref: rd.com