အားလုံး မမျှော်လင့်ထားတဲ့ ကြေညာချက်တခုကို Google က ရုတ်တရက် ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီတခုဖြစ်တဲ့ Huawei နဲ့ စီးပွားရေးလက်တွဲမှု အားလုံးကို ယခုချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်တာပါ။ ရပ်ဆိုင်းလိုက်တဲ့ လုပ်ငန်းတွေထဲမှာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ ထုတ်ကုန်အားလုံး လွှဲပြောင်းရောင်းချမှုနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်အားလုံး ပါဝင်ပါတယ်။
မည်သူမဆို လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတဲ့ Open Source ထုတ်ကုန်တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ Android OS လိုင်စင်စနစ်လည်း ဆုံးရှုံးသွားတဲ့အတွက် တကမ္ဘာလုံးက Huawei အသုံးပြုသူတွေနဲ့ လုပ်ငန်းတွေကို ကြီးမားတဲ့ ထိခိုက်မှုရှိလာမှာပါ။
“Huawei Technologies Co., Ltd အနေနဲ့ Android လည်ပတ်မှုစနစ် Updates များကို ယခုအချိန်ကစပြီး ရရှိတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး”လို့ Reutuers သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က Trump ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ Huawei ကို ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲမှာ ထည့်သွင်းခဲ့တဲ့အတွက် Huawei အနေနဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေး လက်တွဲလုပ်ဖို့ အလွန်တရာ ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကမ္ဘာ့လူသုံးအများဆုံး မိုဘိုင်း လည်ပတ်မှုစနစ် Android OS ကို ပိုင်ဆိုင်တဲ့ Google ကုမ္ပဏီလည်း ပါဝင်ပါတယ်။
Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ။ Android Update အသစ်တွေ၊ Security Patche အသစ်တွေ ရတော့မှာ မဟုတ်သလို၊ Android ဖုန်းတိုင်းမှာ မရှိမဖြစ် အရေးကြီးတဲ့ Google Play Store လည်း သုံးခွင့်ရတော့မှာ မဟုတ်ပါဘူး။
Play Store, Gmail, YouTube စတဲ့ Google Apps နဲ့ Services တွေ ပါဝင်တဲ့ Android OS လိုင်စင်စနစ်ကို အသုံးပြုခွင့် ဆုံးရှုံးခဲ့ပေမယ့်၊ လွတ်လပ်စွာ ရယူအသုံးပြုခွင့်ပေးထားတဲ့ Android OS စနစ် (AOSP) ကိုတော့ ဆက်လက် သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီ App တွေကလည်း Android ဖုန်းအသုံးပြုသူတိုင်း အဓိက လိုအပ်တဲ့ App တွေ ဖြစ်တာကြောင့် မပါတော့ရင် Huawei ဖုန်းတွေလည်း ရောင်းအား ကျသွားနိုင်ပါတယ်။
လက်ရှိ ထွက်ပြီးသား Huawei ဖုန်းတွေမှာတော့ Google App နဲ့ Service တွေကို ချက်ချင်း ပိတ်လိုက်မှာ မဟုတ်ပါဘူး။ ဆက်သုံး လို့ရဦးမှာပါ။ ဒါပေမယ့် နောက်အသစ်ထွက်မယ့် Huawei ဖုန်းတွေမှာတော့ လုံးဝ ပါလာတော့မှာ မဟုတ်ပါဘူး။ လက်ရှိဖုန်းတွေ အနေနဲ့လည်း နောက်ထပ် အသစ်ထုတ်ပေးမယ့် Android OS Security Update တွေ ရဖို့တော့ ကြာသွားမှာပါ။ AOSP မှာ အဆိုပါ Update တွေ ရတော့မှ Huawei ဖုန်းတွေမှာလည်း ရမှာ ဖြစ်ပါတယ်။
Huawei ဟာ ၂၀၁၉ ခုနှစ်၊ ပထမ သုံးလပတ်မှာတင် စမတ်ဖုန်းအလုံးရေ ၅၉ သန်းကျော် တင်ပို့ ရောင်းချခဲ့ရပြီး၊ အဆိုပါ အလုံးရေထဲမှာ အများစုက Android OS စနစ်သုံး ဖုန်းတွေထဲမှာပါ။ US မှာ Huawei ကို ကုန်သွယ်ခွင့် ပိတ်ပင်တဲ့ စာရင်းထဲမှာ ထည့်လိုက်တဲ့အတွက် Google ဘက်က မဖြစ်မနေ Huawei နဲ့ လက်တွဲဖြုတ်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း US ဟာ တရုတ်ဖုန်း ကုမ္ပဏီတခုဖြစ်တဲ့ ZTE ကို အလားတူ ပိတ်ပင်မှု လုပ်ခဲ့ပါတယ်။ ဧပြီကနေ ဇူလိုင်လအထိပဲ ပိတ်ပင်ခဲ့တာ ဆိုပေမယ့် ZTE ဖုန်းလုပ်ငန်းအတွက် အတော် အထိနာသွားခဲ့ပါတယ်။ Google နဲ့ Huawei အနေနဲ့လည်း Nexus 6P ဖုန်း ထုတ်ဖို့ ၄ နှစ်တာလောက် အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့ပေမယ့် ယခုတော့ အမေရိကန် အစိုးရအမိန့်ကြောင့် လက်တွဲဖြုတ်လိုက်ရပြီ ဖြစ်ပါတယ်။
Ref: Tech Juice, The Next Web
You May Also Like These Stories:
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ
၂၀၁၉ မှာ ဖုန်းရောင်းအား ကျဆင်းနေပြီး Huawei ကုမ္ပဏီ တခုတည်း အတက်ပြခဲ့
Google က Fossil စမတ်နာရီ နည်းပညာကို ဒေါ်လာ သန်း ၄၀ နဲ့ ဝယ်ယူ
5G ကွန်ရက်မှာ Huawei ကို အပြီးတိုင် ပိတ်ပင်စရာ မလိုကြောင်း ဗြိတိန် ဆို