Moto Z ဖုန်းစီးရီးလို့ ဆိုလိုက်တာနဲ့ နောက်ထပ် အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်နိုင်တဲ့ မော်ဂျူလာဖုန်းတွေအဖြစ် လူသိများပါတယ်။ ယနေ့မှာတော့ Motorola ဟာ Moto Z စီးရီးရဲ့ မော်ဒယ်အသစ် Moto Z4 ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ အရင် Moto Z ဖုန်းတွေအတိုင်း ဖုန်းရဲ့ ကျောဘက်မှာ ပါဝင်တဲ့ သံလိုက် ပင်ချောင်းလေးတွေကနေတဆင့် Moto Mods အစိတ်အပိုင်းတွေ တပ်ဆင်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။
Moto Z4 ဟာ မနှစ်က ထွက်ထားတဲ့ Moto Z3 ကို အဆင့်မြှင့်တင်ပေးထားတဲ့ ဗားရှင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ အခြေခံဒီဇိုင်းက Moto Z3 နဲ့ အတူတူပဲ ဖြစ်ပြီး၊ မျက်နှာပြင်မှာ ရေစက်ပုံစံ Notch ပါလာတာပဲ အဓိက ကွဲသွားမှာပါ။ မျက်နှာပြင်ပြည့်ဖုန်းခေတ် ဖြစ်နေတာကြောင့် ဖုန်းဘောင်တွေကို တတ်နိုင်သမျှ လျော့ချထားတာ တွေ့ရပါတယ်။
Moto Z4 မှာ ၆.၄ လက်မအရွယ်ရှိတဲ့ FHD+ AMOLED Display ကို အသုံးပြုထားပြီး၊ 19:9 Aspect Ratio နဲ့ ဖြစ်တာကြောင့် အရင်မော်ဒယ်ထက် နည်းနည်းရှည်သွားပါတယ်။ မျက်နှာပြင်အပေါ်ပိုင်းက ရေစက်ပုံစံ Notch အတွင်းမှာတော့ f/2.0, 25MP ကင်မရာတလုံးကို တွေ့မြင်ရမှာပါ။ AMOLED Display နဲ့ ကိုက်ညီတဲ့ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာကို အသုံးပြုပေးထားပြီး၊ အကာအကွယ်အဖြစ် Gorilla Glass 3 အကြမ်းခံမှန်သား အုပ်ပေးထားပါတယ်။
၂၀၁၉ ခုနှစ်ထုတ် ဖုန်းမော်ဒယ်အများစုဟာ အနည်းဆုံး ကျောကင်မရာ ၂ လုံးလောက်စီ ပါကြပေမယ့် Motorola ကတော့ Moto Z4 မှာ 48MP, f/1.7 ကျောကင်မရာ ၁ လုံးပဲ သုံးထားတာ တွေ့ရပါတယ်။ One Vision ဖုန်းက Night Mode လုပ်ဆောင်ချက်အပြင် အခြား AI ကင်မရာလုပ်ဆောင်ချက် အများအပြား ပါဝင်မှာပါ။
Moto Z3 ဖုန်းတုန်းက အသုံးပြုသူတွေ 3,000mAh ဘက်ထရီပဲ သုံးပေးခဲ့တာကြောင့် အကြိုက်မတွေ့သူ များခဲ့တဲ့အတွက် ယခု Moto Z4 မှာတော့ ပိုမိုကြီးမားတဲ့ 3,600mAh ဘက်ထရီကို ပြောင်းသုံးပေးထားပါတယ်။ 15W TurboPower အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ ဘက်ထရီ ကြီးတာကြောင့် ဖုန်းကိုယ်ထည်လည်း နည်းနည်းလေး ပိုထူသွားပါတယ်။
Moto Z4 မှာ စွမ်းဆောင်ရည်သင့် Chipset တခုဖြစ်တဲ့ Snapdragon 675 ကို အသုံးပြုပေးထားပြီး၊ 4GB RAM ပါဝင်မှာပါ။ အရင် Moto Z ဖုန်းတွေတုန်းက စွမ်းဆောင်ရည်မြင့် Snapdragon 800-စီးရီး Chipset တွေကို သုံးခဲ့ပေမယ့် ယခုနှစ်မှာတော့ ဝန်လျှော့ထားတာ တွေ့ရပါတယ်။ Storage ကတော့ 128GB ဖြစ်ပြီး၊ microSD ကတ် ထပ်စိုက်နိုင်ပါတယ်။
Moto Z စီးရီးရဲ့ အဓိကထူးခြားချက်ဖြစ်တဲ့ Moto Mods တွေကိုလည်း ယခုဖုန်းမှာ ဆက်လက် တပ်ဆင်အသုံးပြုနိုင်မှာပါ။ 5G Moto Mod တပ်သုံးမယ်ဆိုရင် 5G ကွန်ရက်သစ်ရတဲ့နေရာမှာ 5G လိုင်း တန်းသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းဝယ်ထားတဲ့သူတွေ အနေနဲ့ 5G ထွက်လာရင် ဖုန်းအသစ် ဝယ်စရာ မလိုဘဲ Moto Mod တပ်လိုက်ရုံပဲ ဖြစ်ပါတယ်။ ဒီဖုန်းအတွက် သီးသန့် Moto Mod အသစ် ထုတ်ပေးတာတော့ မတွေ့ရပါဘူး။
Moto Z4 မှာ Android 9 Pie စနစ်နဲ့ ဖြစ်ပြီး Motorola ထုံးစံအတိုင်း Stock Android နီးပါး အသုံးပြုနိုင်မှာပါ။ တချို့ လုပ်ဆောင်ချက်လေးတွေကိုပဲ ဖြည့်စွက်ပေးထားမယ့် OS ဖြစ်ပါတယ်။
Moto Z4 ဖုန်းကို ၄၉၉ ဒေါ်လာနဲ့ ဇွန်လ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Flash Grey နဲ့ Frost White နှစ်ရောင်ပဲ ထုတ်လုပ်ရောင်းချသွားမှာပါ။ Best Buy, B&H နဲ့ Amazon ဝဘ်ဆိုဒ်တွေကနေ ဝယ်မယ်ဆိုရင် ၃၆၀-ဒီဂရီကင်မရာ Moto Mod တခု မေတ္တာလက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။
Ref: The Verge, GSM Arena
You May Also Like These Stories:
တကိုယ်လုံး 3D Scan ဖတ်ခွင့်ပေးရင် ၂၅ ဒေါ်လာတန် လက်ဆောင်ကတ်ပေးမယ်လို့ Amazon ကြေညာ
ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola
ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး မိုးပျံတက္ကစီ ဖြစ်လာနိုင်တဲ့ Skai ကို ပြသ