သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့ ၃ ဦး ထူထောင်ထားတဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တတိယမြောက် ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်နဲ့ ရိုက်ကူးဖို့အတွက် အပ်ထားတယ်လို့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင်၊ တင်ဆက်မှုဆိုရင် စတုတ္တမြောက်လို့ ပြောရမယ်။ အဲဒါကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးကို အပ်ထားတယ်။ အဲဒါ ဖေဖော်ဝါရီမှာ ရိုက်မယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ အဆိုပါ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလမှာ ရိုက်ကူးမှာဖြစ်ပြီး ထူးပိုင်ဇော်ဦးကိုတော့ ဇာတ်လမ်းမှစပြီး သရုပ်ဆောင်များအထိ အစစအရာရာ အပ်ထားတယ်လို့ သိရပါတယ်။
“ကျမတို့က ထူးပိုင်ဇော်ဦးကို အစစအရာရာ အပ်လိုက်တာ။ ဒါရိုက်တာလည်း သူပဲ။ ဇာတ်လမ်းလည်း သူပဲ။ Casting ရွေးတာလည်း သူပဲ။ သူ့အိုင်ဒီယာ သီးသန့် ရချင်တဲ့အတွက် ကျမတို့ဘာမှ ဝင်ရောက် ပတ်သက်မှာ မဟုတ်ဘူး။ သူ့ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်။ ကျမတို့ ပါခြင်း၊ မပါခြင်းကတည်း သူ့အပေါ်မှာပဲ မူတည်တယ်။ ပါချင်မှလည်း ပါမှာပါ။ သူ့ဇာတ်နဲ့သူ စိတ်ကြိုက်ရွေးခွင့် ရှိပါတယ်” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးမှ “တရုတ်မလေးကို ချစ်တယ်” ၊ “အောက်ဖဲ မလှန်ကြေး” စတဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထားပြီး ဇာတ်လမ်းတွဲအနေနဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလမှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ထွန်းအိန္ဒြာဗိုအနေနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ “ည” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်များရဲ့အားပေးမှုကို ရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာတယောက်ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားများ ဖန်တီးလျက် ရှိပါတယ်။
You may also like these stories:
မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး
ခင်ခင်ထူး ဝတ္ထုထဲက “မပုန်းရည်” ကာရိုက်တာအတွက် ခိုင်သင်းကြည် ဘာတွေ ပြင်ဆင်ထားလဲ
“ဒါရိုက်တာ အလုပ်က အရမ်းကို တာဝန်ကြီးတယ်”လို့ မင်းဦး ပြော
ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော