ကားအက်ဆီးဒင့် တခုကြောင့် အနုပညာအလုပ်များ ခဏနားထားတဲ့ သရုပ်ဆောင် ဖွေးဖွေးကတော့ အနားယူပြီးပါက အားအင်အပြည့်နဲ့ ပရိသတ်ဆီ ပြန်လာခဲ့မယ်လို့ ပြောပါတယ်။
“ဖွေး ကားရိုက်နားထားတာ ၃ လ ရှိပြီ။ ကားရိုက်နားထားတယ်ဆိုပေမယ့် ဒီဇွန်လကစပြီးတော့ Photo Shoot တွေ၊ ပွဲတက်တွေ၊ ကြော်ငြာရိုက်တွေ ပြန်ရိုက်ပါမယ်။ ကတော့ မကနိုင်သေးဘူး။ လက်က အရမ်းလှုပ်လို့ မရသေးဘူး။ အက မပါတဲ့ ကြော်ငြာလေးတွေ အေးအေးဆေးဆေးရိုက်ရတဲ့ ကြော်ငြာလေးတွေ ပြန်ရိုက်ဖို့ လက်ခံထားပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေးကတော့ ကားအက်ဆီးဒင့်ကြောင့် လက်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အနုပညာအလုပ်များကို အချိန်ကာလတခု အကြာထိ ရပ်နားထားပြီး ဇွန်လမှ စတင်ကာ ရုပ်ရှင်ဇာတ်ကား ရိုက်တာကလွဲလို့ ကျန်တဲ့ တခြားအလုပ်များကို ပြန်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပရိသတ်ကို ဖွေးကလည်း အရမ်းလွမ်းပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ်ကတော့ ဖွေးရဲ့ အနားယူတဲ့နှစ်လို့ ပြောရမယ်။ ဖွေး ကားအက်ဆီးဒင့်ဖြစ်ပြီး လက်ကျန်းမာရေးအတွက် ရုပ်ရှင်ကားကြီးနားထားတယ်ဆိုပေမယ့် ဇွန်လကစပြီးတော့ ပွဲတက်တွေ ပြန်တက်မယ်။ ဓာတ်ပုံတွေ ပြန်ရိုက်မယ်။ ကြေငြာတွေလည်း ပြန်ရိုက်ပါမယ်။ ရုပ်ရှင်ကားရိုက်တွေပဲ နားထားတာပါ။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ဖွေးဖွေးက ပြောပါတယ်။
အလုပ်တွေ နားထားတဲ့အချိန်မှာတော့ ဖွေးဖွေးက Gym ကစားနေပြီး လက်တဖက်က မကောင်းတာကြောင့် ကျန်တဲ့ လက်တဖက်နဲ့ ကစားဖြစ်တယ်လို့ ပြောပါတယ်။ “Gym ကစားတာလည်း လက်တဖက်က မကစားဘူး။ တဖက်နဲ့ ကစားတယ်။ ဖွေးကို စိတ်ပူနေကြတဲ့သူတွေ စိတ်မပူပါနဲ့လို့။ သေချာပြန်နားပြီးရင် အားအင်အပြည့်နဲ့ ပြန်လာပါမယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲ မတိုင်ခင်က ကားအက်ဆီးဒင့်ဖြစ်ခဲ့တာဖြစ်ပြီး အကယ်ဒမီ ပေးပွဲသို့ တက်ရောက်စဉ်ကလည်း လက် ဒဏ်ရာနဲ့ ဆုတက်ရောက် ယူခဲ့တာ ဖြစ်ပါတယ်။
You May Also Like These Stories:
“ဘာသာရေး ပိုလုပ်ချင်တာကြောင့် တနှစ်ကိုဇာတ်ကား ၂ကားလောက်သာရိုက်ကူးမယ်”လို့ ထွန်းအိန္ဒြာဗို ပြော
သရုပ်ဆောင်အလုပ်ကို စတင်လုပ်နေပြီ ဖြစ်တဲ့ Team 143 မှ Double J နဲ့ မြတ်အမရာမောင်
“အပေးအယူ” ရုပ်ရှင်ရိုက်ရင်း ဒူးကွဲသွားလို့ ဆက်မရိုက်ဖြစ်တော့ဘူးလို့ ထက်ထက်ထွန်း ပြော