ဖုန်းမျက်နှာပြင်မှာ Notch မထား၊ အပေါက် မဖောက်ဘဲ ရှေ့ကင်မရာထားနိုင်မယ့် နည်းပညာအသစ်တွေကို ဖုန်းကုမ္ပဏီတိုင်းလိုလို စမ်းသပ်နေကြပါတယ်။ လောလောဆယ် လူကြိုက်အများဆုံး နည်းပညာကတော့ မော်တာတပ် ရှေ့ကင်မရာ စနစ်ပါ။
တရုတ်ကုမ္ပဏီထုတ် ဖုန်းတွေမှာ ဒီနည်းပညာကို အတွေ့များလာပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အခုထက် ပိုမိုဆန်းသစ်တဲ့ နည်းပညာတခုကို ဖုန်းတွေမှာ ထပ်မံ မြင်တွေ့ရတော့မှာပါ။ တရုတ်ဖုန်းကုမ္ပဏီ နှစ်ခုဖြစ်တဲ့ OPPO နဲ့ Xiaomi တို့ဟာ ရှေ့ကင်မရာကို ဖုန်းရဲ့ မျက်နှာပြင်အောက်မှာတင် မြှုပ်နှံ ထည့်သွင်းထားတဲ့ နည်းပညာအသစ် တမျိုးကို ယနေ့ ထုတ်ဖော် ပြသလိုက်ပါတယ်။
OPPO ရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Brian Shen က ကုမ္ပဏီရဲ့ မျက်နှာပြင်အောက် ရှေ့ကင်မရာ (Under-display front camera) နည်းပညာကို စမ်းသပ်ပြထားတဲ့ ဗီဒီယိုတခုကို Weibo စာမျက်နှာမှာ ယနေ့ တင်ခဲ့ပါတယ်။
ဗီဒီယိုမှာ ရှေ့ကင်မရာ လုံးဝ မတွေ့ရတဲ့ မျက်နှာပြင်ပြည့်ဖုန်းတလုံးကို ပြထားပြီး Camera App ကို ဖွင့်လိုက်တဲ့အခါမှာတော့ ရှေ့ကင်မရာမြင်ကွင်း ပေါ်လာတာကို အံ့အားသင့်ဖွယ် တွေ့မြင်ရမှာပါ။ ကင်မရာ မြှုပ်ထားတယ်လို့ ယူဆရတဲ့ မျက်နှာပြင်ထိပ်နားကို လက်ချောင်းကပ်လိုက်တဲ့အခါမှာတော့ ကင်မရာမြင်ကွင်းပိတ်သွားတာကို တွေ့ရပါတယ်။
မော်တာနဲ့ ကိုယ်ထည်အတွင်းကနေ ထွက်လာတဲ့ Pop-up ရှေ့ကင်မရာစနစ်ကလည်း အသုံးဝင်တဲ့ နည်းပညာတခုဖြစ်ပေမယ့် လှုပ်ရှားရတဲ့ အစိတ်အပိုင်းတွေများတာကြောင့် ကြာလာရင် ထိခိုက်ယိုယွင်းနိုင်ပါတယ်။ ရှေ့ကင်မရာကို မျက်နှာပြင်အောက်မှာ မြှုပ်ထည့်ထားမယ်ဆိုရင်တော့ စက်အစိတ်အပိုင်းတွေလည်း မလိုတော့သလို၊ မျက်နှာပြင်ရဲ့ အလှကိုလည်း ထိခိုက်စေမှာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ဟာ ကနဦးအဆင့်မှာပဲ ရှိသေးတာကြောင့် လိုအပ်ချက်တွေ ရှိသေးတယ်လို့ Shen က ဝန်ခံခဲ့ပါတယ်။
“လက်ရှိအဆင့်မှာတော့ မျက်နှာပြင်အောက်ရှေ့ကင်မရာက သာမန် (ရှေ့) ကင်မရာတွေလိုမျိုး ပုံထွက်ရမှာ မဟုတ်ပါဘူး။ ရုပ်ထွက် အရည်အသွေးပိုင်း အနည်းငယ်ကျဆင်းတာမျိုး ရှိပါတယ်။ ဘယ်နည်းပညာမဆို ပြည့်စုံကောင်းမွန်တဲ့ အဆင့်ကို ချက်ချင်း မရောက်ပါဘူး”လို့ Shen က ဆိုပါတယ်။
OPPO က မျက်နှာပြင်အောက် ရှေ့ကင်မရာ နည်းပညာကို အမြည်းပြခဲ့အပြီးမှာပဲ ပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ Xiaomi ကလည်း အလားတူ နည်းပညာကို ပြန်လည် ပြသခဲ့ပါတယ်။
Mi 9 အစမ်း မော်ဒယ်တလုံးမှာ မျက်နှာပြင်အောက်ကင်မရာ ထည့်သွင်း စမ်းသပ်ပြထားတဲ့ ဗီဒီယိုတခုကို ကုမ္ပဏီ ဥက္ကဋ္ဌ Lin Bin ရဲ့ Weibo စာမျက်နှာနဲ့ Xiaomi ရဲ့ Twitter စာမျက်နှာတို့မှာ တင်ခဲ့တာပါ။ Xiaomi ရဲ့ မျက်နှာပြင်အောက်ရှေ့ကင်မရာစနစ်ကလည်း OPPO နည်းတူ ကောင်းမွန်စွာ အလုပ်လုပ်တာ တွေ့ရပါတယ်။
Notch မလို၊ မျက်နှာပြင် အပေါက်ဖောက်စရာ မလိုဘဲ Screen အောက်မှာ ရှေ့ကင်မရာ မြှုပ်ထည့်ထားတဲ့ ယခု နည်းပညာအသစ်ကို ဘယ်ဖုန်းမှာ ပထမဆုံး မြင်တွေ့ရမလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။
Ref: Engadget, The Verge
You may also like these stories:
နှစ်ဖက်လှည့် သုံးနိုင်တဲ့ ကျောကင်မရာ သုံးလုံးပါ Samsung Galaxy A80 ဖုန်း ထွက်ရှိ
Vivo က iQOO အမည်ရ အမှတ်တံဆိပ်ခွဲ အသစ်ကို မိတ်ဆက်
တန်ဖိုးနည်းအိမ်ရာ တဆင့်အငှားချမှု မရှိစေရန် တရုတ်တွင် မျက်နှာစစ်ဆေးနည်းပညာ အသုံးပြုမည်