တနှစ်ထက်တနှစ် ဖောက်ပြန် ဆိုးရွားလာတဲ့ ရာသီဥတုဒဏ်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံတိုင်းလိုလို ခံစားနေကြရပါတယ်။ ဒီလိုဖောက်ပြန် ဆိုးရွားလာတဲ့ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ဖို့ လူသားတွေဘက်က ပြုလုပ်နိုင်တာကတော့ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့နဲ့ သစ်ပင်တွေ ထပ်မံစိုက်ပျိုးဖို့ပဲ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံကတော့ လာမယ့်နှစ်တွေမှာ ရာသီဥတု ဖောက်ပြန်ဆိုးရွားလာမှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ သစ်ပင်အရေအတွက် သန်းပေါင်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် ပရောဂျက်ကို စတင် အကောင်အထည် ဖော်နေပါပြီ။
သဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ အပူရှိန်လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး နယူးဇီလန် အစိုးရကနေ အကောင်အထည်ဖော် လုပ်ဆောင်မယ့် ဒီပရောဂျက်ကို မဖြစ်နိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် သစ်ပင်တွေ စိုက်ပျိုးနိုင်မယ့် နည်းပညာကိုတော့ အစိုးရနဲ့ သစ်တောရေးရာဝန်ကြီးဌာနတို့က ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နယူးဇီလန် သစ်တောရေးရာဝန်ကြီး Shane Jones က “ရာသီဥတု ဆိုးရွားလာမှု ဒဏ်ကို ကျနော်တို့ဘက်က ပြုလုပ်နိုင်တာကတော့ သစ်ပင်တွေ ထပ်စိုက်ဖို့ပါပဲ။ ဝေဖန်မှုတွေ ရှိနေပေမယ့် အစိုးရဘက်က တကယ်လုပ်သင့်တဲ့ ပရောဂျက်တခုကို အကောင်အထည်ဖော်ပေးတာ ဖြစ်တာကြောင့် ကျနော်တို့ကတော့ လိုလိုလားလား လိုက်ပါ ဆောင်ရွက်သွားမှာပါ”
“ဒီအပင်စိုက်တဲ့ အစီအစဉ်ဟာ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်တဲ့အပြင် တောရိုင်းတိရစ္ဆာန်တွေကိုပါ ထိန်းသိမ်းရာရောက်တဲ့ ပရောဂျက်တခု ဖြစ်ပါတယ်” လို့ ဖြေကြားထားပါတယ်။
သစ်ပင်အရေအတွက် သန်းပေါင်း ၁ ထောင် စိုက်ပျိုးမယ့် ဒီပရောဂျက်အတွက် ကုန်ကျစရိတ်အနေနဲ့ ၄၈၅ သန်းခန့် ကုန်ကျမယ်လို့ မျှော်မှန်းထားပြီး ဒေါ်လာ သန်း ၂၄၀ ကို ခွဲဝေချထားပေးပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ နိုင်ငံရဲ့အပူချိန်ဟာ သုညဒီဂရီအထိ ဖြစ်အောင်လုပ်နိုင်မယ်လို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
Ref. www.elitereaders.net
You May Also Like These Stories:
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း
၁၈ နှစ်အတွင်း အပင် ၂သန်းကျော် စိုက်ပျိုးခဲ့တဲ့ ဇနီးမောင်နှံ