MRTV- 4 ရုပ်သံဇာတ်လမ်းတွဲများမှဆင့် ပရိသတ်များရဲ့ ချစ်ခင်မှု ရရှိထားတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲများ ရိုက်ဖို့အတွက် အချိန်ပေးရတာကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများ လက်လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
“ညီမက ဇာတ်လမ်းတွဲနဲ့ အချိန်ပေးတာ များတယ်။ ဇာတ်လမ်းတွဲတခု ရိုက်ပြီဆို ၆ လကနေ ၈ လကြား ကြာတဲ့အတွက် အဲဒီ အခွင့်အရေး လက်လွတ်သွားတဲ့ သဘောပါ။ ၂ ခါ လွတ်ခဲ့ဖူးတယ်။ “မိုးကောင်းကင်အိပ်မက်” ရိုက်နေတုန်းက လွတ်သွားတာ။ ညီမကို ဒါရိုက်တာတွေက သူ့ကို မခေါ်တော့ဘူး။ သူ့ကို ခေါ်ရင် ဘယ်တော့မှ မအားဘူး။ အမြဲတမ်းပဲ ဇာတ်လမ်းတွဲ ရိုက်နေတယ်။ အဲ့လိုတောင် ဖြစ်သွားတယ်” လို့ သရုပ်ဆောင် ပိုးကြာဖြူခင်က ပြောပါတယ်။
ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါမှာ အချိန်အားဖြင့် ၆ လနဲ့ ၈ လကြားကြာတဲ့အတွက် ရိုက်ကူးနေစဉ်မှာ ရုပ်ရှင်ကားကြီး ရိုက်ရန် ကမ်းလှမ်းလာတဲ့အခါမှာ ငြင်းခဲ့ရတာဖြစ်တာကြောင့် နားလည်ပေးကြပါလို့ ပိုးကြာဖြူခင်က ဆိုပါတယ်။
“ရုပ်ရှင်ဘက်က ဇာတ်ကားရိုက်ရင်လည်း ၁ လလုံး အားထားမှတို့၊ ကိုယ့်အတွက် သီးသန့် ဖယ်ထားတာမျိုး မရှိဘူး။ ဇာတ်လမ်းတွဲကျတော့လည်း ကိုယ့်အတွက် အချိန်တွေပေးထားတော့ ဘယ်လိုမှ ညှိလို့ မရဘူး။ အဲဒါလေးတော့ နားလည်ပေးပါလို့”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
ပိုးကြာဖြူခင်ကတော့ ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ကာရိုက်တာ ဆန်းတာကို ရိုက်ကူးဖို့ ရှိနေပြီး မကြာခင်မှာလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ထုတ်လွှင့် ပြသတော့မယ်လို့ သိရပါတယ်။
“၂၀၁၉ ထဲမှာ ကာရိုက်တာ အရမ်းဆန်းတာကို ရိုက်ဖို့ ရှိတယ်။ အဲဒါကို ၂၀၂၀ လောက်မှ လွှင့်ဖြစ်မယ်။ ဒီကြားထဲတော့ အဆင်အသွယ်ပြတ်တဲ့ ပုံစံမျိုး ဖြစ်တာပေါ့။ ၁ နှစ်ကိုတော့ ၁ ကား ရိုက်ပါတယ်။ မနှစ်က ရိုက်ခဲ့တာကို အခုလာမယ့် ၇ လပိုင်းမှာ လွှင့်ပါမယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
ပိုးကြာဖြူခင်ကိုတော့ ဇာတ်လမ်းတွဲ မင်းသမီး တယောက်အနေနဲ့ ပရိသတ်က သိရှိခဲ့သလို သူ့ရဲ့ ထူးခြားတဲ့ နှာခေါင်းကြောင့်လည်း သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ အလှအပရေးရာ အမျိုးမျိူး ပြင်ဆင်နေကြတဲ့ ခေတ်မှာ လှတာ၊ မလှတာထက် နှာခေါင်းကို ခွဲစိတ် ပြင်ဆင်သွားဖို့ မရှိဘူးလို့ ပိုးကြာဖြူခင်က ပြောပါတယ်။
“ညီမကို ဒီနှာခေါင်းကြောင့်ပဲ သိတာလေ။ ဒီနှာခေါင်းကို ကြိုက်ပါတယ်။ ပြင်ဖို့တော့ မရှိဘူး။ ဒီတိုင်းဆိုရင် ပုံမှန်ပဲ။ နှာခေါင်းက ရယ်လိုက်ရင် ရှည်သွားတယ်။ မိန်းကလေးတွေကတော့ မွေးကတည်းက လူတိုင်းက လှတယ်။ ဒါပေမဲ့ မိန်းကလေးဖြစ်နေတဲ့အတွက် ပိုပိုပြီး လှချင်တဲ့ လောဘကတော့ ကိုယ်တိုင်လည်း ထိန်းလို့ မရဘူး။ အဲဒီအတွက်ကြောင့် သေချာစိတ်ချရတဲ့ ဆရာဝန်နဲ့ သေချာပြပြီးတော့ ခွဲစိတ်စေချင်ပါတယ်” လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
လောလောဆယ်မှာတော့ ပိုးကြာဖြူခင်က နှုတ်ခမ်းကို Filter ထိုးထားပြီး မိန်းကလေးနဲ့ မတူတဲ့ နေရာကို မိန်းကလေးနဲ့တူအောင် ပြုပြင်ချင်တယ်လို့ ဆိုပါတယ်။
“မိန်းကလေးနဲ့ မတူတဲ့ နေရာကို မိန်းကလေးနဲ့ တူချင်ပါတယ်။ ဒါပေမဲ့ ကြောက်လည်း ကြောက်တယ်။ မခွဲဘူးပေါ့။ အခုကတော့ နှုတ်ခမ်းတော့ ဆေးနည်းနည်း ထိုးထားတယ်။ သေးသေးလေးပဲ ထိုးထားတာ။ ရုပ် ပြောင်းမှာလည်း ကြောက်တယ်။ ရယ်လိုက်ရင် အပေါ်နှုတ်ခမ်းက သေးသွားလို့”လို့ ပိုးကြာဖြူခင်က ဆိုပါတယ်။
ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲထဲက “ဆိုင်းမိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်များက အထူး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You May Also Like This Story:
“အခွင့်အရေး ရမယ်ဆိုရင် အက်ရှင်ကား ရိုက်ချင်တယ်”လို့ ပြောတဲ့ ပိုးကြာဖြူခင်