Lifestyle

"ပရိသတ်ကြိုက်မယ့် ဇာတ်ကားမျိုးဆိုရင် Boy Love ဇာတ်ကားလည်း ရိုက်မယ်"လို့ ကောင်းမြတ်စံ ပြော

MRTV-4 ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲ “The Sign of Love” မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ကောင်းမြတ်စံဟာ ပရိသတ်ကြိုက်မယ့် ဇာတ်ကားမျိုးုဆိုရင် Boy Love (ယောကျာ်လေးချင်း ချစ်ကြိုက်တဲ့ ဇာတ်ကား) မျိုးဆိုလည်း လက်ခံရိုက်ကူးမယ်လို့ ပြောပါတယ်။

“ကျနော် အရင်တုန်းက မိန်းမလျာ ကာရိုက်တာတခု Music Video မှာ လုပ်ဖူးတယ်။ အဲ့ဇာတ်ရုပ်မျိုး အခုကမ်းလှမ်းလာရင် လုပ်ဖို့ မရှိဘူး။ မိန်းမလျာ ကာရိုက်တာကို ဟာသလုပ်ခဲ့တာတွေ များခဲ့ပြီဆိုတော့လေ။ အဲ့ခေတ်လည်း ကုန်သွားပြီလို့ထင်ပါတယ်။ သရုပ်ဆောင် တယောက် ဖြစ်တဲ့အတွက် အဲ့ဒီဟာကို စဉ်းစားပါမယ်။ LGBT ဆိုလည်း တကယ် ဇာတ်လမ်းကောင်းတယ်၊ ပရိသတ် တကယ် ကြိုက်မယ့် ကားမျိုးဆိုရင်တော့ Boy Love ကားကို ကျနော် လက်ခံဖြစ်မှာပါ။ ပြီးတော့ ဒီကားအတွက် ကမ်းလှမ်းမယ့် ပရိုဂျူဆာတွေ ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ရုပ်အပေါ် မူတည်ပြီးတော့ စဉ်းစားရမှာပါ”လို့ ကောင်းမြတ်စံက ပြောပါတယ်။

သရုပ်ဆောင် ကောင်းမြတ်စံကတော့ “ဇာတ်လိုက်” ရုပ်ရှင် ရိုက်တုန်းက အမှတ်တရတွေ အများကြီးရှိခဲ့သလို ပညာတွေလည်း အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။

“အခုလက်ရှိ ‘ပျောက်ဆုံးနေသော အမှန်တရား’ ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးထားတယ်။ ၁၀ လပိုင်းလောက် ပြမယ်။ ဇာတ်လိုက်ဆိုတဲ့ ရုံကြီးကားလည်း ရုံတင်ဖို့ ရှိတယ်။ ၈ လပိုင်းလောက်ကျရင် ဇာတ်လမ်းတွဲ အသစ်တခု ရိုက်ဖို့ ရှိတယ်။ ကြော်ငြာလေးတွေလည်း ရှိတယ်။ ဇာတ်လိုက် ရိုက်တုန်းက အမှတ်တရတွေကတော့ အများကြီးပဲ။ ပဲခူးဘက်က ဇောင်းတူဆိုတဲ့ ရွာလေးမှာ ရိုက်တယ်။ အဲ့ရွာမှာ တည်းခိုဖို့ ဟိုတယ်လည်း မရှိဘူး။ ဘုန်းကြီးကျောင်း တကျောင်းမှာ အကူအညီတောင်းပြီး တည်းခိုကြရတယ်။ အကုန်လုံး ရင်းရင်းနှီးနှီးနဲ့ အတူတူ တွဲနေခဲ့ရတယ်။ ပညာတွေလည်း အများကြီးရတယ်။ ကျနော်တို့ကလည်း ပညာတွေ လေ့လာရတာပေါ့”လို့ ကောင်းမြတ်စံက ပြောပါတယ်။

ဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ကောင်းမြတ်စံက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကွာခြားမှုကိုလည်း အခုလိုပဲ ပြောပါတယ်။

“ကျနော်အရင်တုန်းက ခရီးတွေသွားပြီး ရိုက်ဖူးတယ်။ ခရီးတွေသွားပြီး ဒေသထွက် အစားအစာတွေ၊ ဒေသ ရိုးရာတွေ လေ့လာရတာ ဝါသနာပါတယ်။ ကမ်းလှမ်းလာရင်တော့ ရိုက်မှာပါ။ ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲ ကွာခြားမှုကတော့ ကျနော်တို့အတွက် အရမ်းမြန်ဆန်တယ်လို့ စိတ်ထဲမှာ ထင်တယ်။ ဇာတ်လမ်းတွဲ ရိုက်ခဲ့ရတာ အနည်းဆုံးက ၃ လ၊ အများဆုံး ၆ လ၊ ၇ လ အချိန်ပေးရတာ။ အခု တလလောက်နဲ့ ပြီးသွားတယ်ဆိုတော့ အရမ်းမြန်တယ်ပေါ့” လို့ ကောင်းမြတ်စံက ဆိုပါတယ်။

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် ပရိသတ်တွေ စတင်သတိထား မိလာကြတာပြီး MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်းကနေ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ လူငယ် သရုပ်ဆောင် တဦး ဖြစ်ပါတယ်။

You May Also Like These Stores:

“အနုပညာရပ်ဝန်း အရိပ်အောက်မှာပဲ ရှိနေပါတယ်”လို့ ပြောတဲ့ ဟက်ကက် 

“အနုပညာကို ဘောင်ခတ် မထားဘူး၊ သရုပ်ဆောင်လည်း လုပ်ချင်တယ်”လို့ ပြောတဲ့ ထက်ယံ

“ငရဲဆို ချိုနဲ့လားဗျို့” ရုပ်ရှင်ကို နိုဝင်ဘာလမှာ ရိုက်ဖို့ အခုကတည်းက ပြင်ဆင်နေတဲ့ ပြေတီဦး

Loading