ရုရှားနိုင်ငံမြောက်ပိုင်း၊ ဆိုက်ဘေးရီးယားဒေသ မြို့ထဲမှာ ဆာလောင် မောပန်းနေတဲ့ ဝင်ရိုးစွန်း ဝက်ဝံတကောင် လျှောက်သွားနေတဲ့ မြင်ကွင်းဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တခုတော့ မဟုတ်ပါဘူး။ သူတို့ ကျင်လည် ကျက်စားရာဒေသနဲ့ ကီလိုမီတာ ရာကျော်ဝေးတဲ့ နေရာမှာ ဝင်ရိုးစွန်းဝက်ဝံကို မြင်တွေ့လိုက်ရလို့ လမ်းသွားလမ်းလာတွေလည်း အံ့သြသွားကြပါတယ်။
ပုံမှန်ဆိုရင် အလွန်အေးမြတဲ့ မြောက်ဝင်ရိုးစွန်း ဒေသမှာသာ ရှင်သန်ပေါက်ဖွားတဲ့ ဝင်ရိုးစွန်းဝက်ဝံတကောင်ဟာ ရုရှားနိုင်ငံရဲ့ အဓိက စက်မှုမြို့တော် စာရင်းဝင် Norilsk မြို့ထဲမှာ လှည့်လည်သွားလာနေတာပါ။ ဝက်ဝံ အမကြီးကို မြင်တွေ့ခဲ့ရသူတွေရဲ့ ပြောကြားချက်အရ အဲဒီ ဝက်ဝံဟာ တကယ်ကို မောပန်းနွမ်းနယ်ပြီး နေမကောင်းဖြစ်နေတာကြောင့် Norilsk မြို့စွန်ဘက်ခြမ်းက မြေကြီးပေါ်မှာ နာရီအတော်ကြာ လဲလျောင်းနေလို့ ခြေထောက်မှာ ရွံ့တွေတောင်ပေးနေသေးတယ်လို့ သိရပါတယ်။
ပြီးတော့ အစာအနံ့ရလို့ ထလာပြီး ဟိုဟိုဒီဒီလျှောက်သွားနေတာကို မြင်တွေ့ခဲ့ကြပြန်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ ဒီလိုအဖြစ်အပျက်မျိုး လွန်ခဲ့တဲ့ နှစ် ၄၀ လောက်အတွင်းမှာတောင် တခါမှ မဖြစ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။
အဆိုပါ ဝက်ဝံအမကြီးကို အနီးကပ်လေ့လာပြီး မှတ်တမ်းတင်ခဲ့တဲ့ ဒေသခံ တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူ Oleg Krashevsky က ဘယ်အရာတွေကများ ကီလိုမီတာ ရာချီဝေးတဲ့ နေရာကနေ ဒီကိုရောက်ဖို ဖြစ်လာတာကို နားမလည်ဘူးလို့ ဆိုပါတယ်။ တဖက်ကကြည့်ရင်လည်း ဒီဝက်ဝံမကြီးဟာ အမြင်အာရုံ မကောင်းတာမို့ လမ်းပျောက်ပြီးလျှောက်သွားနေရာက မြို့ပေါ်ရောက်လာတာလည်း ဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
ရာသီဥတု ဖောက်ပြန်မှုရဲ့အကျိုးဆက်အဖြစ် ဝင်ရိုးစွန်းဒေသတွေမှာ ရေခဲ အရည်ပျော်လာတာကြောင့် ကျင်လည် ကျက်စားနေတဲ့ ဝင်ရိုးစွန်းဝက်ဝံတွေဟာ အစာရှာဖို့အတွက် နယ်မြေချဲ့ထွင်ရင်း အခုလိုဒေသတွေကို ရောက်လာကြပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း မြောက်ဝင်ရိုးစွန်းဒေသနဲ့ ထိစပ်နေတဲ့ ရုရှားနိုင်ငံထဲက ဒေသတွေမှာ ဆာလောင်နေတဲ့ ဝင်ရိုးစွန်း ဝက်ဝံ ဒါဇင်ခန့်ဟာ အစာအတွက် လူနေအဆောက်အဦတွေထိကို ရောက်ခဲ့တာကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပါသေးတယ်။
ဝက်ဝံမကြီးရဲ့ အခြေအနေကို စစ်ဆေးပေးဖို့ နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူတွေပါ Norilsk ကို ရောက်လာနေပါပြီ။ ဒါပေမဲ့လည်း မူရင်းဒေသကို ပြန်ပို့မယ့်အစီအစဉ်ကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
Ref: CAN