သြစတြေးလျ စာရေးဆရာ Baz Luhrmann ရိုက်ကူးမယ့် အဆိုတော်ကြီး အဲဗစ်ပရက်စလေ အတ္ထုပ္ပတ္တိရုပ်ရှင်ဟာ အခုဆိုရင် အဆိုတော်ကြီးနေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို ဟောလိဝုဒ်က နာမည်ကြီးမင်းသားတွေထဲက ရွေးချယ်နေပြီလို့ သိရပါတယ်။
“Baby Driver” မင်းသား Ansel Elgort၊ “Avengers: Age of Ultron” မှာ ပါဝင်ခဲ့တဲ့ မင်းသား Aaron Taylor-Johnson နဲ့ “Whiplash” မင်းသား Miles Teller တို့ဟာ ပြီးခဲ့တဲ့အပတ် မှာပဲဒါရိုက်တာကြီးတဲ့ လူရွေးစမ်းသပ်မှုကို ခံယူခဲ့ပြီးပြီလို့ Hollywood Reporter မီဒီယာမှာ ဖော်ပြပါတယ်။
Warner Bros. ကနေ ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်အတွက် ထုတ်လုပ်သူတွေကတော့ အဆိုတော်မင်းသား Harry Styles နဲ့ “Once Upon a Time in Hollywood” မှာပါဝင်ထားတဲ့ မင်းသား Austin Butler တို့ကို မျက်စိကျနေတယ်လို့လည်း ဆိုပါတယ်။

သတင်းတွေအရကတော့ အဆိုတော် အဲဗစ်ရဲ့ဘဝနဲ့ အနုပညာလုပ်ငန်းကို ထိန်းချုပ်မောင်းနှင်ခဲ့တဲ့ ဂန္တဝင်မန်နေဂျာ Col. Tom Parker အဖြစ် မင်းသားကြီး Tom Hanks က သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အဆိုတော်ကြီး အဲဗစ်နေရာမှာ ဘယ်သူသရုပ်ဆောင်မလဲဆိုတာကတော့ လာမယ့် သီတင်းပတ် အနည်းငယ်ဆိုရင် သိရတော့မှာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးမယ်လို့ မနှစ်က ကြေညာခဲ့တာဖြစ်ပြီး Queen တီးဝိုင်းခေါင်းဆောင် Freddie Mercury ရဲ့ “Bohemian Rhapsody” ရုပ်ရှင်နဲ့ အဆိုတော်ကြီး Elton John ရဲ့ “Rocketman” ရုပ်ရှင်တို့က ဆက်တိုက်ဆိုသလို ထွက်လာဖို့ရှိတာတာ ကြောင့် အနည်းငယ်နောက်ဆုတ်လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စာရေးဆရာ Luhrmann ဟာ အဲ့ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပေးထားပြီး အဆိုတော်ကြီး အဲဗစ်ရဲ့ ကနဦးအောင်မြင်မှုနဲ့ အသက် ၃၅ နှစ်နောင်ပိုင်း ဘဝအခြေအနေဆိုပြီး နှစ်ပိုင်းခွဲပြသသွားမှာ ဖြစ်ပါတယ်။ အဆိုတော်ကြီး ပရက်စလေဟာ အသက် ၄၂ နှစ်အရွယ် ၁၉၇၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Ref: cnn
You may also like these stories:
Call Me by Your Name နောက်ဆက်တွဲရုပ်ရှင်မှာ Dakota Johnson နဲ့ရိုက်ကူးဖို့ စီစဉ်နေ
အဆိုတော်ကြီး Tony Bennett နဲ့အတူ သီချင်း အသံသွင်းခဲ့တဲ့ လေဒီဂါဂါ
“Venom” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Tom Hardy
ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော