တောင်တက်ရင်း သေဆုံးသွားကြတဲ့ တောင်တက်သမားအုပ်စု တစုရဲ့ နောက်ဆုံးအချိန်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အိန္ဒိယနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ တောင်တက်အဖွဲ့မှာ အမေရိကန်နိုင်ငံသား၂ ဦး၊ ဗြိတိန်နိုင်ငံသား ၄ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနဲ့ သြစတေးလျ နိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
တောင်တက်အဖွဲ့ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်တဲ့ Nanda Devi တောင်ကို တက်ရင်း မေလ ၂၆ ရက်နေ့မှာ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အလောင်းတွေ အားလုံးကို ပြန်လည်တွေ့ရှိပြီး ဖြစ်ပေမယ့် ခေါင်းဆောင်ဖြစ်တဲ့ ဗြိတိန်နိုင်ငံသားကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီ နောက်ဆုံး ဗီဒီယိုထဲမှာ သူတို့ဟာ အမည်မသိတဲ့ တောင်ထိပ်တခုပေါ်ကို ရောက်ရှိနေတာ တွေ့မြင်ရပြီး ၈ ယောက်လုံးဟာ တယောက်ကို တယောက် ကြိုးနဲ့ သွယ်တန်းထားတာကို တွေ့ရပါတယ်။
“ရုတ်တရက် ဆူညံသံ တခုကို ကျနော်တို့ ကြားရတယ်။ အဲဒီအချိန်မှာ ဗီဒီယိုက ပြတ်တောက်သွားတာ ဖြစ်တယ်” လို့ Indo-Tibetan Border Police (ITBP) ရဲဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗီဗက်ကူမားပန်ဒေးက ပြောပါတယ်။
တောင်တက်အဖွဲ့က တက်ခဲ့တဲ့ တောင်မှာ ရှိတဲ့ နှင်းတွေဟာ တောင်တက်သမားတွေရဲ့ အလေးချိန်ကို မခံနိုင်တာကြောင့် နှင်းထု ပြိုကျခဲ့ဟန် တူတယ်လို့ အဲဒီပြောရေးဆိုခွင့် ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။
တောင်တက်အဖွဲ့ကို ခေါင်းဆောင်သူ ဗြိတိန်နိုင်ငံသားဟာ အရင်ကလည်း ဒီတောင်ကို တက်ဖူးပေမယ့် အခုတခါမှာတော့ ကံဆိုးသွားခဲ့ပါတယ်။ တောင်တက်သမားတွေ သယ်ဆောင်လာတဲ့ ကင်မရာဟာ နှင်းထဲမှာ ဖုံးနေပြီး နောက်ဆုံးနေရာက တောင်တက်သူရဲ့ အနီးအနားမှာ ကျနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တောင်တက်သမားတွေ ပျောက်ဆုံးပြီး တပတ်ခန့်အကြာမှာ နှင်းထုထဲက တစွန်းတစ ပေါ်ထွက်နေတဲ့ တောင်တက်ပစ္စည်းတွေကို ကယ်ဆယ်ရေးသမားတွေက စစ်ဘက်သုံး ရဟတ်ယာဉ်ကို အသုံးပြု ရှာဖွေရင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Ref. globalnews
You May Also Like This Story:
လူ အသေအပျောက် များလာပြီ ဖြစ်တဲ့ ဧဝရတ် တောင်တက်ခရီးစဉ်