အမျိုးသားတဦးက ဓာတ်ဆီ လောင်းချပြီး မီးရှို့မှုကြောင့် ကျိုတိုက Animation Studio တခုမှာ ဒါဇင်နဲ့ ချီတဲ့သုူတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒီမီးရှို့မှုမှာ လူ ၁၂ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။
မီးရှို့သူဟာ ကျိုတိုမြို့၊ Uji မှာရှိတဲ့ Kyoto Animation Studio ထဲကို မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ဝင်ရောက်လာခဲ့ပြီး ဓာတ်ဆီလို့ ယူဆရတဲ့ အရည်တွေကို နေရာတော်တော်များများမှာ လောင်းချပြီး မီးစ ညှိခဲ့ပါတယ်။ မီးရှို့သူ ကိုယ်တိုင်လည်း ဒဏ်ရာ ရရှိထားပြီး အခုအချိန်မှာတော့ ရဲဌာနက ဖမ်းဆီးချုပ်နှောင်လိုက်ပြီလို့ သိရပါတယ်။
မီးရှို့ချိန်မှာ အဆောက်အဦအတွင်း လူ ၇၀ ထက် မနည်းရှိကာ အနည်းဆုံး ၁၂ယောက် သေဆုံးပြီး ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့ပါတယ်။ မီးသတ်ကား အစီး ၃၀ နဲ့ သုံးထပ်ရှိတဲ့ အဲဒီအဆောက်အဦကို မီးငြှိမ်းသတ်ဖို့ ပြုလုပ်ခဲ့ရပြီး ထိခိုက်သူတွေကို လူနာတင်ယာဉ်များစွာနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
သံသယရှိသူဟာ အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရဲတွေ လာရောက် ဖမ်းဆီးခြင်း မပြုခင်မှာ သူ့ကို ဆေးခန်းပို့ခဲ့ပြီး သူဟာ မီးရှို့သူ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ “လူတယောက်က ဓာတ်ဆီလောင်းချပြီး မီးရှို့လိုက်တာ ဖြစ်တယ်”လို့ ရဲဌာနမှ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
မီးတွေ လောင်နေပြီလို့ တယောက်ယောက်က အော်ဟစ်ပြီးနောက်မှာ မီးသတ်ဌာနကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြေညီထပ်က မီးလောင်နေပြီ လို့ Studio က တာဝန်ရှိသူက ဆိုပါတယ်။
Kyoto Animation Studio ဟာ ၁၉၈၁ ခုနှစ် ကတည်းက တည်ဆောက်ထားတဲ့ စတူဒီယိုဖြစ်ပြီး ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ရုံးချုပ် တည်ရှိတာ ဖြစ်ပါတယ်။ ရုံးခွဲတွေကတော့ တိုကျိုမြို့နဲ့ အိုကာဆာမြို့တို့မှာ တည်ရှိပါတယ်။
Kyoto Animation Studio ဟာ လက်ရှိမှာ ကမ္ဘာကျော် Anime တွေကို ရိုက်ကူး ထုတ်လွှင့်နေတဲ့ စတူဒီယိုတခု ဖြစ်ပါတယ်။ မီးရှို့တဲ့ အမျိုးသားကို လက်ရှိမှာ ရဲဌာနက ထိန်းသိမ်းထားပြီး မီးရှို့ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ The Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။
Ref. theguardian.com