ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေနေ့တုန်းက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးမြို့မှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်တခုကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၆၃ ယောက် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
မကြာသေးတဲ့ ကာလတွေတုန်းကလည်း အာဖဂန်နစ္စတန်နိုင်ငံကို IS အကြမ်းဖက်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နဲ့ တာလီဘန်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေ လျှော့ချပေးဖို့ကိစ္စ ဆွေးနွေးနေတာ သဘောတူညီမှုတချို့ ရရှိခဲ့ပါတယ်။ ဆွေးနွေးပွဲကလည်း နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။
ဒါကြောင့်လည်း မင်္ဂလာဆောင်ကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခဲ့တာ သူတို့ မဟုတ်ဘူးလို့ တာလီဘန်တွေက ငြင်းဆိုလိုက်ပါတယ်။ တာလီဘန်က ငြင်းဆိုပြီးတဲ့နောက်မှာတော့ မင်္ဂလာဆောင်ကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း IS က ဝန်ခံပါတယ်။
အဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Nasrat Rahimi ကလည်း ဒီ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်ခံမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“IS ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အနည်းဆုံးလူ ၆၃ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၁၈၂ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူအများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပါပဲ”လို့ Nasrat Rahimi က ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ကျင်းပတဲ့ မင်္ဂလာပွဲတွေကို လူပေါင်း ရာချီတက်ရောက်လေ့ ရှိပြီး တခါတခါမှာတော့ လူပေါင်း ထောင်ချီ တက်ရောက်လေ့ ရှိပါတယ်။ မင်္ဂလာပွဲကျင်းပရာ ခန်းမအတွင်းမှာဆိုရင်လည်း အမျိုးသားတွေအတွက် သီးသန့်နေရာ သတ်မှတ်ပေးထားပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေဟာ အမျိုးသားဝိုင်းတွေမှာ ထိုင်ခွင့်မရဘဲ သတ်မှတ်ပေးထားတဲ့ နေရာမှာသာ ထိုင်ရပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ မင်္ဂလာပွဲကတော့ ရှီယာ မူဆလင် မင်္ဂလာပွဲဖြစ်တဲ့အတွက် ရှီယာ မူဆလင် အများအပြား တက်ရောက်ကြတဲ့ မင်္ဂလာပွဲပါ။ အာဖဂန်နစ္စတန် နိုင်ငံမှာ ရှီယာ မူဆလင်တွေဟာ ဆွန်နီ မူဆလင်တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေရပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့ရတဲ့ Mohannad Farhag ကတော့ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အချိန်မှာ အမျိုးသမီးတွေဘက် အခြမ်းကို ရောက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမျိုးသားတွေအခြမ်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုကို ကြားလိုက်ရပါတယ်။
“လူတွေဟာ ကြောက်ကြောက်လန့်လန့် အော်ဟစ်ပြီး ခန်းမအပြင်ကို ပြေးထွက်ကုန်ကြတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ မင်္ဂလာခန်းမ တခုလုံး မီးခိုးတွေချည်းပဲ။ အမျိုးသားဘက် အခြမ်းက အားလုံးနီးပါးလောက်ကတော့ သေတဲ့သူ သေပြီး ဒဏ်ရာရတဲ့လူ ရ ဖြစ်ကုန်ကြတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ၂ နာရီလောက်အကြာမှာတော့ မင်္ဂလာခန်းမထဲမှာ သေဆုံးနေတဲ့လူတွေကို ခန်းမအပြင်ဘက် ရွှေ့ရတော့တယ်”လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၂ ရက်တုန်းကလည်း အာဖဂန် နစ္စတန်အရှေ့ ပိုင်းပြည်နယ်ဖြစ်တဲ့ Nangarhar မှာ မင်္ဂလာပွဲဆောင်တခုကို IS အဖွဲ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၆ ယောက် သေဆုံးခဲ့ရပါသေးတယ်။
Ref. Bangkokpost