ဟောလိဝုဒ်စတား အန်ဂျလီနာဂျိုလီဟာ သူ့ရဲ့အကြီးဆုံးသား လာမယ့် သီတင်းပတ်မှာ တက်ရောက်မယ့် Yonsei တက္ကသိုလ်ရဲ့ Incheon နယ်မြေကို လာရောက် ကြည့်ရှုလေ့လာခဲ့တယ်လို့ ကျောင်းတွင်း သတင်းရင်းမြစ်တွေက သြဂုတ်လ ၂၁ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် Maddox Jolie-Pitt ကို တောင်ကိုရီးယားမှာ ဂုဏ်သိက္ခာအကြီးမားဆုံး တက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ Yonsei ရဲ့ Underwood နိုင်ငံတကာကောလိပ်ကနေ လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။
သူဟာ ဆိုးလ်မြို့ အနောက်တောင်ဘက်မှာရှိတဲ့ ကျောင်းရဲ့ Songdo နယ်မြေမှာ ဇီဝနည်းပညာ ဘာသာရပ်ကို လေ့လာဖို့ ၁ နှစ်ကြာ ကျောင်းတက်မှာဖြစ်ပြီး အဆောင်မှာ နေထိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာတော့ ကျောင်းဝင်ခွင့် အခမ်းအနား ကျင်းပမှာ ဖြစ်ပြီး ဘာသာရပ် မိတ်ဆက်မှုကိုတော့ ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ကျောင်းမှ အရာရှိတဦးက “ဂျိုလီဟာ အေဂျင်စီ ကိုယ်စားလှယ် တော်တော်များများနဲ့အတူ ကျောင်းနယ်မြေထဲကို လာရောက် လေ့လာခဲ့ပြီး အဆောင်နဲ့ စာကြည့်တိုက် အပါအဝင် အဓိကနေရာ အဆောက်အဦတွေကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်”လို့ ပြောပါတယ်။
ဂျိုလီကလည်း ကျောင်းဝန်ထမ်းတွေကို ကျောင်းစာသင်ခန်းကိစ္စတွေနဲ့ ကျောင်သားတွေအတွက် အခြား လုပ်ငန်းဆောင်တာတွေအကြောင်း မေးမြန်းခဲ့သလို ကျေနပ်မှုရှိတယ်လို့ ဖော်ပြခဲ့တဲ့အကြောင်း အတွင်းသတင်းတွေက ဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတော့ တောင်ကိုရီးယားနိုင်ငံသား တော်တော်များများက အင်ချွန်းလေဆိပ်၊ ဆိုးလ်မြို့ထဲက စားသောက်ဆိုင်နဲ့ စတိုးဆိုင်တွေမှာ ဂျိုလီနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း ဝေမျှပြောဆိုခဲ့ကြပါတယ်။
ဂျိုလီဟာ ဆိုးလ်ကို ရောက်ရောက်ချင်းမှာပဲ သားဖြစ်သူ Maddox နဲ့အတူ နာမည်ကျော် မြောင်ဒုံဈေးမှာ ဈေးဝယ်ထွက်ခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။
Ref:Yonhap