အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေတပ်စခန်းတခုရဲ့ ခြံစည်းရိုးပေါ်ကို မိကျောင်းတကောင်ကျော်တက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ နာမည်ကြီးနေပါတယ်။
ဒီဗီဒီယိုကို ဖလော်ရီဒါပြည်နယ်ပိုင် ရုပ်သံလိုင်းတွေကပါ ထုတ်လွှင့်ခဲ့ပြီး လူတော်တော်များများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ကြည့်ရှုသူ ၁ သန်းခွဲကျော် ရှိခဲ့တဲ့ အဲဒီ ဗီဒီယိုမှာ မိကျောင်းဟာ သူ့ရဲ့ အမြှီးကို အသုံးပြုပြီး ခြံစည်းရိုးကို ကျော်တက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ “တကယ်လို့ ခင်ဗျားက ဖလော်ရီဒါကို အခုမှ စရောက်ဖူးတာဆိုရင် ရေထဲဆင်းတာကို ဆင်ခြင်ပါ။ ရေတိုင်းမှာ မိကျောင်းရှိနေနိုင်တယ်”လို့ အကြံပြုထားပါတယ်။
မိကျောင်းကို တွေ့မြင်ရတာဟာ အထူးအဆန်း မဟုတ်တော့ပေမယ့် မိကျောင်းတွေနဲ့ နီးစပ်ရာကို မသွားဖို့အတွက် ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေကို အထူးစောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖလော်ရီဒါမှာ မိကျောင်းကို မြင်ရတာ အဆန်းအပြား မဟုတ်ပေမယ့် အခုလို ခြံစည်းရိုးကိုပါ ကျော်ပြီး တက်သွားတာကတော့ လူတွေ အတွက် အန္တရာယ်များလွန်းတယ်လို့ လေတပ်အရာရှိတဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ချီကာဂိုမှာ နေအိမ်ကို မိကျောင်းချဉ်းကပ်လာတာကြောင့် ဒေသခံရဲတွေဟာ လက်နက်ကိုင် ဖြေရှင်းခဲ့ရပြီး ချီကာဂိုဟာ မိကျောင်းတွေကို ဖမ်းဖို့ အတွက် အမေရိကန်ဒေါ်လာ ၃သောင်းကျော် အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
Ref. USA Today
You may also like these stories:
နှင်းတွေကြားမှာ ပျော်ရွှင်နေတဲ့ သားပိုက်ကောင်တွေရဲ့ ရုပ်သံ အွန်လိုင်းမှာ ရေပန်းစားနေ
မ္ဘောဒီးယားမယ်ကို နှိမ်ချပြောဆိုခဲ့တဲ့ အမေရိကန်မယ်ရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့