အနုပညာရှင် စုံတွဲတွေထဲမှာ ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ စုံတွဲ တတွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စေ့စပ်ကြောင်းလမ်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို စေ့စပ်ကြောင်းလမ်းပြီးနောက် သူရိယဘက်မှ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး မီဒီယာ အင်တာဗျူး တခုမှာ ဆုအိမ့်စံနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်းကို ဖြေဆိုသွားခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဆုအိမ့်စံက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလို ပြန်လည် ရေးသားခဲ့ပါတယ်။
“ကျမ ဆုအိမ့်စံနှင့် သူရိယသည် လွန်ခဲ့သော ၂ နှစ်ကျော် ကာလကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်မိဘများ၏ သဘောတူညီမှုဖြင့် ၁၄.၂.၂၀၁၉ တွင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါသည်။ စေ့စပ်ပြီးနောက်ပိုင်း သူရိယအနေဖြင့် လက်ထပ်ရန် အတွက် အစီစဉ်များကို ရွှေ့ဆိုင်းပျက်ကွက်လာကာ သဘောထားများ ပြောင်းလဲ၍ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် သူရိယဘက်မှ တောင်းဆိုလာပါသည်”
“ကျမ ဆုအိမ့်စံ အနေဖြင့် ချစ်သူ ဖြစ်စဉ်ကနေ ယနေ့အချိန်ကာလအထိ သူရိယ အပေါ်အား ဖောက်ပြန်ခြင်း သစ္စာမဲ့ခြင်း ကျွန်မ၏ အပြစ် တစုံတရာ မရှိပါဘဲ တဖက်သတ် ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်”လို့ ဆုအိမ့်စံက ရေးသားထားပါတယ်။
ဆုအိမ့်စံ အနေနဲ့ သူ့ရဲ့အကျိုးဆောင်မှတဆင့် မင်္ဂလာပွဲကျင်းပရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက် သြဂုတ်လ ၁၆ ရက်နေ့က သူရိယထံသို့ Notice စာပို့ခဲ့ပြီး သြဂုတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံးအကြောင်းပြန်ပေးဖို့အတွက် အကြောင်းကြားထားတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆုအိမ့်စံကို မေးမြန်းခဲ့ရာ “ဒီအချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမဖြေချင်သေးဘူး။ မနေ့က တက်လာတဲ့ သတင်းကိုလည်း မထင်ထားဘူး။ ဘယ်မီဒီယာမှကိုလည်း မဖြေသေးဘူး။ ခဏစောင့်ပေးပါလို့ ပြောချင်ပါတယ်။ နားလည်ပေးကြပါရှင့်”လို့ ဆုအိမ့်စံက ဧရာဝတီကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
သူရိယရဲ့ အင်တာဗျူးမှာ လမ်းခွဲလိုက်ပြီဆိုတဲ့ တဖက်သတ် ဖြေဆိုမှုကြောင့် ဆုအိမ့်စံအတွက် ဂုဏ်သိက္ခာအရ နစ်နာမှုများစွာရှိတဲ့အတွက် တရားဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“ယနေ့ Myanmar Celebrity Page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာ ဖြစ်သည်။ ထိုသို့ တဖက်သတ် ကြေညာခြင်းအတွက် ကျမ ဆုအိမ့်စံတွင် ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျမ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်”လို့ ဆုအိမ့်စံက ဆိုထားပါတယ်။
သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲကတော့ ချစ်သူဖြစ်ခဲ့ကြတာ ၂ နှစ်ကျော်ကာလ ရှိပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နှစ်ဖက်မိဘများရဲ့ သဘောတူညီမှုဖြင့် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ပါတယ်။
You may also like these stories:
“မင်္ဂလာသတင်းကတော့ မကြာမီလာမည်”လို့ ပြောတဲ့ ဆုအိမ့်စံရဲ့ အချစ်ရေး