Lifestyle

နယ်ကလူတွေ အားကိုးနေရဆဲ ရန်ကုန်မြို့က အဆောင်များ

Want create site? Find Free WordPress Themes and plugins.

နယ်မြို့တွေထက်စာရင် ရန်ကုန်မြို့မှာ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပိုပြီး ပေါများပါတယ်။ ဒါကြောင့် နယ်က လူငယ်အတော်များများက အလုပ်ရဖို့၊ ပညာသင်ကြားဖို့ စတဲ့ အကြောင်းတွေနဲ့ ရန်ကုန်မြို့ကြီးကို လာရောက်လေ့ ရှိပါတယ်။ လူငယ်အများစုရဲ့ ရည်ရွယ်ချက်ကတော့ မြို့မှာ အလုပ်တခုခုလုပ်ပြီး နယ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ပါ။

နယ်မှာ အလုပ်လုပ်နေတဲ့ လူငယ်အများစုကို ကြည့်ရင် မိရိုးဖလာ အလုပ်ကိုပဲ ဆက်လက်ပြီး လုပ်ကိုင်နေတာ တွေ့ရသလို မိဘတွေက အစဉ်အဆက် ချမ်းသာလာခဲ့လို့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေကိုလည်း တွေ့ရပါတယ်။ အများစုကတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းလွန်းတဲ့အတွက် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်လေ့ ရှိပါတယ်။

ရန်ကုန်မြို့ကြီးကို လာရောက်ကြတဲ့ လူငယ်တွေထဲမှာ ပညာရေး အခွင့်အလမ်းကြောင့် လာရောက်ကြသူတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သင်တန်းတခုခု တက်ပြီး နိုင်ငံခြားကို ထွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ တချို့ကလည်း ကိုယ်လုပ်နေတဲ့ အလုပ်မှာ နေရာကောင်းကောင်း ရနိုင်ဖို့ သင်တန်းတက်လေ့ ရှိပါတယ်။

ရန်ကုန်မြို့ကြီးမှာတော့ အလုပ်အကိုင်၊ ပညာရေး အခွင့်အလမ်း တကယ်ကို ပေါများပါတယ်။ ရန်ကုန်မြို့ကို ဆွေမျိုး မရှိဘဲ လာရောက် နေထိုင်ကြတဲ့ လူငယ်တွေများစွာ ရှိပါတယ်။ ရန်ကုန်မှာ အစားအသောက်ထက် နေထိုင်ဖို့အတွက်က ပူပင်စရာ ပိုရှိပါတယ်။

ဆွေမျိုး မရှိဘဲ ရန်ကုန်ရောက်လာတဲ့ လူတွေအတွက် အားကိုးစရာ နေရာဟာ အဆောင်တွေပါ။ ဒီလို အဆောင်တွေ ရှိနေလို့လည်း နေရေးထိုင်ရေးကိစ္စကို ဖြေရှင်းနိုင်ပါတယ်။ အဓိကကတော့ အလုပ်တခု ရှိနေရင် အဆောင်မှာ နေထိုင်ဖို့ ပြေလည်နိုင်စရာ အကြောင်း ရှိပါတယ်။

အဆောင်တွေကို လေ့လာကြည့်မယ်ဆိုရင် ဈေးနှုန်းအမျိုးမျိုး ရှိနေတာ တွေ့ရပါတယ်။ ကျပ် ၄ သောင်း ၂ ထောင်ကစလို့ ၄ သောင်းခွဲ၊ ၅ သောင်းခွဲ စသဖြင့် ဈေးနှုန်းတွေက အမျိုးမျိုး ရှိပါတယ်။ ဈေးသက်သာတဲ့ ကျပ် ၄ သောင်း ၂ ထောင်တန် အခန်းတွေကတော့ ၃ ပေခွဲ ၆ ပေ ဝန်းကျင်လောက်သာ ရှိပါတယ်။ လူတကိုယ်စာ ကျောချရုံလေးပါပဲ။ ပစ္စည်းများတဲ့ အဆောင်သားတွေအတွက်တော့ နေထိုင်လို့ အဆင်မပြေပါဘူး။

ရန်ကုန်မှာ အလုပ် လုပ်နေကြတဲ့ လူငယ်အများစုရဲ့ ဝင်ငွေဟာ ယေဘုယျအားဖြင့် တလကို ပျမ်းမျှ ၂ သိန်း ဝန်းကျင်မှာ ရှိကြပါတယ်။ အဆောင်ခ ၄ သောင်းခွဲ လောက်နဲ့ နေမယ်ဆိုရင် စားစရိတ်က ၄ သောင်းနဲ့ ၅ သောင်းကြားမှာ ရှိပါတယ်။ နေစရိတ်၊ စားစရိတ်က တလကို ငွေကျပ် ၁ သိန်းနီးပါး ကုန်ကျပါတယ်။

တလ တလအတွင်းမှာ နောက်ထပ် ကုန်ကျစရိတ်တွေလည်း ရှိနေပါတယ်။ ဆံပင်ညှပ်ခ၊ ဖုန်းဘေနဲ့ တခြားအသုံးအဆောင်ပစ္စည်း စတဲ့ အသေးသုံးတွေလည်း ရှိနေတတ်ပါတယ်။ ဒီအတွက်လည်း တလ တလကို ၁ သောင်းခွဲနဲ့ ၂ သောင်းကြား သုံးစွဲရပါတယ်။ ဘတ်စ်ကားစီးပြီး အလုပ်သွားရသူတွေအတွက် နေ့စဉ် ဘတ်စ်ကားခ ၄၀၀ ကုန်ကျပြီး တလကို ၁ သောင်း ၂ ထောင်ခန့် ကုန်ပါတယ်။ လခ ၂ သိန်း ဝန်းကျင်ရတဲ့သူဆို အိမ်ကို ပိုက်ဆံ ပြန်ပို့ဖို့က လေထဲဆောက်တဲ့ အိမ်လိုပါပဲ။

အခု လက်ရှိ စာရေးသူ နေနေတဲ့ အဆောင်က တလကို ၅ သောင်းခွဲကျပ် ပေးရပါတယ်။ ဘတ်စ်ကား စီးရတဲ့ဒုက္ခ မခံစားချင်လို့ အလုပ်နဲ့နီးတဲ့ မြို့ထဲက လမ်း ၄၀ မှာပဲ အဆောင် ငှားနေပါတယ်။ တချို့ အဆောင်တွေမှာ Wi-Fi အလကား သုံးခွင့်ရထားပေမယ့် စာရေးသူနေတဲ့ အဆောင်မှာတော့ Wi-Fi အတွက် တလကို ၅ ထောင်ကျပ် ပေးရပါတယ်။

အဆောင်မှာ ရေးသားထားတဲ့ စည်းကမ်းချက် တချို့ (ဓာတ်ပုံ – ညီညီသူ/ဧရာဝတီ)

အဆောင်မှာ ထမင်း ချက်ပြုတ် စားသောက်လို့ ရပါတယ်၊ လျှပ်စစ်မီး စိတ်ကြိုက် သုံးစွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ ရေတဘူးကို ၈၀၀ ကျပ်ပေးပြီး ဝယ်သောက်ရပါတယ်။ အဆောင်အများစုမှာ သောက်ရေ ဝယ်သောက်စရာ မလိုပေမယ့် အခုနေနေတဲ့ အဆောင်မှာတော့ ရေပါ ဝယ်သောက်ရပါတယ်။

စပေါ်အနေနဲ့ ၅ ထောင်ကျပ် ပေးရပါတယ်။ တချို့ အဆောင်တွေကတော့ စပေါ်ငွေ ၁ သောင်းကျပ် ပေးရပါတယ်။ အဆောင် မနေတော့ဘူးဆိုရင် ၁၀ ရက် ကြိုတင် ပြောရပါတယ်။ ၁၀ ရက် ကြိုမပြောဘဲ အဆောင် ပြောင်းမယ်ဆိုရင်တော့ စပေါ်ငွေက ဆုံးပြီးသား ဖြစ်ပါတယ်။

အဆောင်ကလည်း ဟောင်းနွမ်းနေတဲ့ အဆောက်အဦ တလုံးပါ။ အားသာချက်က တခြားအဆောင်တွေလို အလွှာအမြင့်ကြီး တက်စရာမလိုဘဲ ပထမ အလွှာမှာတင် ရှိနေတာပါ။ အဆောင်နံရံက အင်္ဂတေတွေလည်း ကွာကျနေပါပြီ။ ရေချိုးခန်း ၁ ခန်းနဲ့ ဘိုထိုင် အိမ်သာခန်း ၁ ခန်းရှိပါတယ်။

စုစုပေါင်း နေထိုင်ကြသူ ၁၇ ယောက် ဝန်းကျင်လောက် ရှိပါတယ်။ အထပ်ခိုးမှာလည်း အခန်းဖွဲ့ထားတဲ့ အတွက် လမ်းလျှောက်ရင် ခါးလေးကိုင်းကိုင်းပြီး လျှောက်ရလေ့ ရှိပါတယ်။ ဒါဟာ ရန်ကုန် စတိုင်ပါပဲ။

အဆောင်မှာ ရေးသားထားတဲ့ စည်းကမ်းချက် တချို့ (ဓာတ်ပုံ – ညီညီသူ/ဧရာဝတီ)

အဆောင်ပိုင်ရှင်က ဒီဟောင်းနွမ်းနေတဲ့ အဆောက်အဦကို တလ ကျပ် ၃ သိန်းခွဲနဲ့ ငှားရမ်းထားတာပါ။ တယောက်ခန်း ၉ ခန်း၊ ၂ ယောက်ခန်း ၃ ခန်းနဲ့ ၄ ယောက်ခန်း ၁ ခန်း ရှိပါတယ်။ ၂ ယောက်ခန်းနဲ့ ၄ ယောက်ခန်းအတွက် အဆောင်သား တယောက်ကို ၄ သောင်းကျပ် ယူပါတယ်။ တယောက်ခန်းကတော့ ၅ သောင်းခွဲကျပ်ပါ။ ဒါကြောင့် အဆောင်ပိုင်ရှင်ရဲ့ဝင်ငွေဟာ တလကို ၈ သိန်း ၉ သောင်းခွဲကျပ် ရှိပါတယ်။

အဆောင် ပိုင်ရှင်ဘက်က ပြန်လုပ်ပေးတာကတော့ မီတာခ ဆောင်တာပဲ ရှိပါတယ်။ အခုဆိုရင် အဆောင်ခန်းတွေ အားလုံးက လူအပြည့်ပါပဲ။ အဆောင်ပိုင်ရှင် အများစုမှာ အဆောင် ၂ ဆောင်လောက် အနည်းဆုံးရှိပါတယ်။ ဒါကြောင့်လည်း ဟိုအဆောင် ကူးလိုက်၊ ဒီအဆောင် ကူးလိုက် လုပ်ကိုင်ရပါတယ်။ တချို့ဆိုရင် အဆောင် ၁၃ ဆောင်လောက် ဖွင့်ထားကြတယ်လို့ သိရပါတယ်။

ဒီလို အဆောင် အများကြီး ဖွင့်ထားရတဲ့ အကြောင်းကတော့ ငွေရလွယ်လို့ပါ။ လူငယ်တွေဟာ ရန်ကုန်မှာ အလုပ်အကိုင် အခွင့်အလမ်း ပိုပေါတဲ့အတွက် အများအပြား ပြောင်းရွှေ့ နေထိုင်လာကြလို့ပါ။

“အဆောင် နေတယ်”ဆိုတာ နယ်ကလူတွေချည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့မှာ နေထိုင်သူ တချို့လည်း အဆောင်နေလေ့ ရှိတာ တွေ့ရပါတယ်။ သူတို့တွေကလည်း ညရေးညတာ ပြန်ဖို့ ခက်ခဲတဲ့ လှိုင်သာယာလို နေရာက လူတွေပါ။

“အလုပ်က မြို့ထဲမှာရှိပြီး သွားရေးလာရေး ခက်ခဲတဲ့အတွက် အဆောင်မှာပဲ နေလိုက်တော့တယ်”လို့ လမ်း ၄၀ က အဆောင်မှာ နေထိုင်သူ ကိုထွန်း (အမည်လွဲ)က ပြောပါတယ်။ သူလည်း ရုံးပိတ်ရက်လို နေ့မျိုးရောက်မှသာ အိမ်ပြန်ပြီး ငါးခြောက်ကြော်လို တာရှည်ခံတဲ့ အစားအသောက်မျိုး ပြန်ယူလေ့ ရှိပါတယ်။

အဆောင်မှာ အစားအသောက် ချက်ပြုတ်နေသူ တဦး (ဓာတ်ပုံ – ညီညီသူ/ဧရာဝတီ)

နောက်ထပ် အဆောင်နေထိုင်သူ ကိုအောင် (အမည်လွဲ) ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတခုမှာ စတို ဝန်ထမ်းအနေနဲ့ လုပ်ကိုင်ပါတယ်။ သူရတဲ့ လစာက တလကို ၂ သိန်း ၃ သောင်းကျပ် ရှိပါတယ်။ သူ့ရဲ့ အလုပ်က သန်လျင်မှာပါ။ ဒါကြောင့်လည်း သန်လျင်ကို တနင်္ဂနွေနေ့ကလွဲပြီး နေ့တိုင်း ဘတ်စ်ကား စီးပြီး သွားရပါတယ်။

အဲဒီလို နေ့တိုင်း ဘတ်စ်ကားစီးပြီး သွားနေတဲ့အတွက် ခရီးစရိတ်အနေနဲ့ သူ့ကို အလုပ်က တလ ၃ သောင်းကျပ် ပေးတယ်လို့ ပြောပြပါတယ်။ မြို့ထဲမှာ အလုပ်ဆင်းခဲ့ရချိန်တုန်းက ဘာစရိတ်မှ မထောက်ပံ့ခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။ သူကတော့ ကိုယ်တိုင်ပဲ ချက်ပြုတ် စားသောက်လေ့ရှိပြီး သူနေ့စဉ် စားသောက်တာကတော့ ကြက်ဥကြော် ၁ လုံးနဲ့ ပဲကတ္တီပြုတ်ပါ။ ပဲကတ္တီပါကို နေ့စဉ် ပြုတ်စားလေ့ ရှိပြီး တခါတလေ ငါးခြောက်ကြော်၊ ပဲသီးကြော်၊ ချဉ်ပေါင်ကြော် စတာတွေ ဝယ်လာတတ်ပါတယ်။

တကယ်တော့ ရန်ကုန်မှာ ဆွေမျိုး မရှိဘဲ နေထိုင်ရတဲ့ လူငယ်တွေရဲ့ ဘဝက မလွယ်ပါဘူး။ အစစအရာရာ ပိုက်ဆံကို အရင် စဉ်းစားရပါတယ်။ လက်ထဲ ပိုက်ဆံရှိနေမှာသာ အသက်ရှူဖို့ လွယ်ကူပါတယ်။

ကိုယ်တိုင် ချက်ပြုတ်စားရင်လည်း တလကို ၄ သောင်း၊ ၅ သောင်းလောက် ကုန်တာပါပဲလို့ ကိုအောင်က ပြောပါတယ်။ သူက အလုပ်နားတဲ့ တနင်္ဂနွေလိုနေ့တွေမှာ စာရင်းကိုင်သင်တန်းလည်း တက်ပါသေးတယ်။ ဘာသာရပ် ၃ မျိုး တက်နေတာဖြစ်ပြီး တဘာသာကို ကျပ် ၁ သိန်း ပေးရပါတယ်။ ဒါကြောင့်လည်း ပညာရေးလိုကိစ္စတွေမှာ သူက ငွေ ၃ သိန်းလောက် ရင်းနှီးထားပါတယ်။

စာရေးသူအနေနဲ့လည်း ရန်ကုန်ရောက်ပြီးတဲ့ အချိန် ၈ လတာ ကာလအတွင်း အဆောင် ၃ ဆောင် နေရာ ပြောင်းပြီးခဲ့ပါပြီ။ အဲဒီကာလတွေမှာ ကြုံခဲ့ရတာ တခုက အဆောင်နေတာ လူငယ်တွေချည်းပဲ မဟုတ်ဘဲ လူကြီးတွေပါ နေတဲ့ အဆောင်ကိုလည်း ကြုံခဲ့ရပါသေးတယ်။ အဲဒီ လူကြီးတွေက အသက် ၅၀ ကျော်နဲ့ ၆၀ ကျော် လူကြီးတွေပါ။

အဆောင်နေတဲ့အခါ လူအမျိုးမျိုး ရှိတာကို ကြုံတွေ့ရပါတယ်။ ညဘက် အလုပ်ဆင်းပြီး ည ၁၂ နာရီကျော်မှ အဆောင် ပြန်ရောက်သူတွေလည်း ရှိတတ်ပါတယ်။ သူတို့လည်း ညသန်းခေါင် ရောက်မှသာ ချက်ပြုတ်စားသောက် ရပါတယ်။ ပထမ အစတုန်းကတော့ ညဘက်၊ ညဘက် ဆူညံနေတဲ့အတွက် အိပ်မရခဲ့ပါဘူး။

သူတို့ အလုပ်က ညဘက်၊ စာရေးသူအလုပ်က နေ့ဘက်ဆိုတော့ အလုပ်ချိန်တွေ ကမောက်ကမ ဖြစ်နေပါတယ်။ အိပ်ရေးတွေ ပျက်ခဲ့ရပါတယ်။ နောက်ပိုင်းတော့လည်း အဆင်ပြေသွားပါတယ်။ အလုပ်ချိန် မတူတဲ့အတွက် ဆူဆူညံညံ သိပ်မလုပ်ကြဖို့ အဆောင်မှူးက ပြောပြီးနောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်။

ရန်ကုန်မြို့မှာ တွေ့ရတဲ့ အဆောင် ကြော်ငြာစာ (ဓာတ်ပုံ – ညီညီသူ/ဧရာဝတီ)

ရန်ကုန်မှာ မိဘ၊ ဆွေမျိုး မရှိသူတွေအတွက်တော့ အဆောင်တွေဟာ အားကိုးအားထား ပြုစရာ နေရာပါ။ ကျောချစရာ နေရာတနေရာ ရပြီးမှာသာ အလုပ်ရှာတဲ့ ကိစ္စကို ဆက်လုပ်နိုင်ပါတယ်။ ကျောချစရာ နေရာ မရှိသေးသရွေ့တော့ စိတ်ပူပန်မှုတွေကို ဘယ်လိုမှကင်းမှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း ဟောင်းနွမ်းနေတဲ့ အဆောင်အဦပဲ ဖြစ်ချင် ဖြစ်နေပါစေ၊ ထပ်ခိုးပေါ်မှာ ခါးလေး ကုန်းပြီးပဲ လျှောက်နေရပါစေ၊ အဆောင်တွေဟာ နေရပ်ကို စွန့်ခွာလာတဲ့ လူငယ်တွေအတွက် အရေးပါတဲ့ ခေတ္တ နားခိုရာနေရာ တနေရာအဖြစ် ရှိနေဦးမှာ မလွဲပါပဲ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading