MNTV ရုပ်သံလိုင်းမှာ ပြသလျက်ရှိတဲ့ Win’s Shooow Time အစီအစဉ်မှာ တင်ဆက်သူ တယောက်အနေနဲ့ ပါဝင်နေတဲ့ ဝါရင့် ဟာသသရုပ်ဆောင် အရိုင်းကတော့ ဒီအစီအစဉ်နဲ့ မြန်မာနိုင်ငံဖွား ဂျပန်အဆိုတော်နဲ့ သရုပ်ဆောင် ဖြစ်တဲ့ မိုရီဆာကီဝင်းအပေါ် သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အဝင်းဆိုတာ ဂျပန်နိုင်ငံမှာ ကြီးပြင်းတဲ့ မြန်မာနိုင်ငံပေါက် လူငယ်တယောက် ဖြစ်တယ်။ ဒီနိုင်ငံမှာ ကြီးပြင်းတာနဲ့ ဟိုနိုင်ငံမှာ ကြီးပြင်းတာ သူ့ရဲ့ စိတ်ကိုက ကွာသွားတာပေါ့”
“ဂျပန်မှာရှိတဲ့ လူငယ်တွေကို သူတို့ရဲ့နိုင်ငံက အင်မတန်မှ စိတ်ရှင်းရှင်းနဲ့ နေနိုင်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးထားတဲ့ အနေအထားတွေ ရှိတယ်။ သူတို့က စိတ်ရှင်းပြီး ပြုံးပျော်နေတယ်။ တခုခု လုပ်မယ်ဆိုရင်လည်း မဆုတ်မနစ်နဲ့ ရိုးရိုးသားသားနဲ့ ဖြတ်သန်းကြမယ်ဆိုပြီး ဖြတ်သန်းကြတဲ့အခါ သူတို့တွေရဲ့လုပ်ငန်းတွေက အောင်မြင်လာတာကို တွေ့ရတယ်”လို့ အရိုင်းက ဧရာဝတီကို ပြောပါတယ်။
အဆိုပါ ပရိုဂရမ်အတွက်လည်း ဂျပန်နိုင်ငံမှ Production Team နဲ့ မြန်မာနိုင်ငံမှာ Production Team တို့က ဆွေးနွေးမှုများစွာ လုပ်ရပြီး ဒီမှာရှိတဲ့ ဟာသ လူရွှင်တော်များရဲ့ ရပ်တည်မှု၊ ပရိသတ်တွေ ဘယ်လိုကြိုက်တတ်လဲဆိုတာကို ပြောပြရတယ်လို့ ဆိုပါတယ်။
“ပြင်ဆင်ရတယ်။ သူတို့တွေလည်း ကြိုလာတယ်။ ဦးအရိုင်းတို့တွေလည်း သူတို့နဲ့ ကြိုတွေ့ရတယ်။ ပြီးရင်ကိုယ်ဖြစ်ချင်တာ၊ သူဖြစ်ချင်တာတွေ ဆွေးနွေးရတာပေါ့”
“မြန်မာပြည်က ပရိသတ် အနေအထားက ဒီလို ရှိတယ်။ သူတို့ဆီက Production Team နဲ့ အများကြီး ဆွေးနွေးရတယ်။ သူတို့ဆီက ဟာသတွေကိုလည်း ဦးအရိုင်းတို့ကို ပြတယ်။ မြန်မာပြည်က ဟာသ လူရွှင်တော်တွေအနေနဲ့ ဘယ်လို ရပ်တည်လဲဆိုပြီး သူတို့မေးတယ်။ ဒီမှာရှိတဲ့ ပရိသတ်တွေက ဘယ်လိုကြိုက်တတ်လဲ ဆိုတာပြောပြတယ်”လို့ အရိုင်းက ပြောပါတယ်။
ပရိသတ်မျိုးစုံ ကြည့်ရှုကြတဲ့ TV Program တခု ရိုက်ကူးမယ်ဆိုပါက ညစ်တီးညစ်ပတ်များကို ရိုက်ပြလို့ မရဘဲ ယဉ်ကျေးမှုနဲ့အညီ ရိုက်ကူးရပြီး နိုင်ငံရဲ့ပုံရိပ် ထိခိုက်မယ့် အရာများကို ရိုက်လို့ မရကြောင်းကိုလည်း တိုင်ပင်ဆွေးနွေးရတယ်လို့ သိရပါတယ်။
“တီဗီမှာ ပရိုဂရမ်တခု အနေနဲ့ရိုက်မယ် ဆိုရင်တော့ တီဗီဆိုတာက မောင်နဲ့နှမ၊ သားနဲ့အမိ ကိုယ့်မြန်မာနိုင်ငံမှာ ဒီလိုမျိုးတွေ ကြည့်ကြတယ်။ ကိုယ့်ယဉ်ကျေးမှုက ဒီလိုတွေ ရှိတယ်။ သူတို့ကို ပြောပြရတယ်”
“ညစ်တီးညစ်ပတ်လည်း ရိုက်ပြလို့ မရဘူး။ တော်ရုံတန်ရုံ သင့်တင့်လျောက်ပတ်တာတွေ ရိုက်လို့ ရတယ်။ ရှုထောင့်ပေါင်းစုံက ရိုက်လို့ရတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘာရေးညာရေး အကုန်လုံး ရိုက်လို့ ရတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ပုံရိပ် ထိခိုက်မယ့် အရာတွေတော့ ရိုက်လို့ မရဘူးဆိုတာ သူတို့ကို ပြောပြလိုက်တယ်”လို့ အရိုင်းကပြောပါတယ်။
Win’s Shooow Time ပရိုဂရမ်ကို တင်ဆက်လာခဲ့တာဟာ အခုဆိုရင် တနှစ်ကျော် ကာလကို ရောက်ရှိလာပြီဖြစ်ကာ Season 2 ပြီးခါနီးပြီဖြစ်တဲ့အတွက် အဝင်းအတွက်ရော ကိုယ့်တိုင်းပြည်အတွက်လည်း ဝမ်းသာရတယ်လို့ ဆိုပါတယ်။
“ဦးအရိုင်းကတော့ ဒီအစီအစဉ်မှာ နောက်ထပ်ခေါ်ရင်တော့ ပါရမယ်ပေါ့။ တောက်လျှောက် ပါတယ်ဆိုတာတော့လည်း မဖြစ်သင့်ပါဘူး။ အပြောင်းအလဲလေးတွေလည်း ရှိကောင် းရှိနိုင်ပါတယ်။ပါရင်လည်း လုပ်ပေးရမှာပေါ့”လို့ ပြောပါတယ်။
ဟာသ သရုပ်ဆောင် အရိုင်းကတော့ တီဗီပရိုဂရမ် တင်ဆက်မှုနဲ့ တခြားသော Digital Platform များစွာမှာလည်း ဝင်ရောက် လုပ်ကိုင်နေပြီး ရုပ်ရှင်ရုံအသစ် တည်ဆောက်မှုများကိုလည်း ပါဝင်ကူညီလျက် ရှိတယ်လို့ သိရပါတယ်။