သရုပ်ဆောင်ဝေဠုကျော်က စက်တင်ဘာ ၁၁ရက်နေ့မှာ ချိန်းဆိုတဲ့တရားရုံးချိန်းကို ကျန်းမာရေးအခြေအနေ မကောင်းတဲ့အတွက် ခွင့်ယူကာ မလာရောက်နိုင်တဲ့အပေါ်မှာ တရားလိုဖြစ်သူသင်းသင်းက ကျန်းမာပါစေ ဆုတောင်းပေးခဲ့ပြီး မပျက်မကွက်နဲ့ လာရောက်ပြီး စစ်ဆေးမှသာ အမှုက မြန်မြန်ပြီးမှာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီနေ့တဖက်က မရိုးနိုင်တဲ့အကြောင်းပေါ့။ ဆေးရုံတက်တယ်လို့ပြောပြီး ခွင့်တင်သွားပါတယ်။ ကိုဝေဠုကျော်ကြီးလည်း အမြန်ဆုံးကျန်းမာပါစေ။ သူတို့ဖက်ကိုလည်း နောက်တခါဆို ရုံးချိန်းကြာတယ်ဆိုပြီး မထွက်မိပါစေနဲ့လို့ ပြောပါရစေ။ ဒီတခေါက်လည်း ခွင့်က ၄ခါမြောက်ပေါ့။ ဒီတခေါက်တော့ ကျန်းမာရေးနဲ့သက်ဆိုင်နေတယ်။ အမြန်ဆုံးကျန်းမာပါစေ”
“ အမြန်ဆုံးကျန်းမာမှ စစ်စရာရှိတာစစ်မယ်။ မေးစရာရှိတာမေးမယ်။ မပျက်မကွက်နဲ့မှ အချိန်က မြန်မြန်ပြီးမယ် ထင်ပါတယ်” လို့ တရားလို အလှမယ် သင်းသင်းကပြောပါတယ်။
ဒီကနေ့မှာတော့ ပြီးခဲ့တဲ့တပတ်က ချိန်းဆိုခဲ့တဲ့ တရားလိုဘက်မှသက်သေများကို စွပ်စွဲခံရသူဘက်မှ လျှောက်လွှဲချက် တင်ထားတဲ့အပေါ်မှာ တရားရုံးကအမိန့်ချမှာဖြစ်သော်လည်း ဝေဠုကျော်ရဲ့ပျက်ကွက်မှုကြောင့် နောက်တကြိမ်ရုံးချိန်း ကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
“ပြီးခဲ့တဲ့အပတ်က သူတို့ရှေ့နေကပြောသွားတယ်။ ရှေ့နေတယောက်က သူ့ရဲ့ကျင့်ဝတ်နဲ့ညီမညီ အများက ဆုံးဖြတ်ပေးပါလို့ ပြောချင်တယ်။ တရားရုံးကမ ဆုံးဖြတ်ရသေးတဲ့ကိစ္စတွေကို စကားဦးသန်းပြီးတော့ ဒီစကားတွေ ထွက်သွားတယ်ဆိုတော့ တရားရုံးကိုမထီမဲ့မြင်ပြုတာလား။ နောက်ပြီးတရားရုံးရဲ့ကျင့်ဝတ်နဲ့ညီလား ဂုဏ်သိက္ခာနဲ့ ညီလားကို အများကနေဆုံးဖြတ်ပေးပါလို့ပြောချင်ပါတယ်” လို့ သင်းသင်းကပြောပါတယ်။
ဝေဠုကျော်ကတော့ ဒီကနေ့မှာ အစာအိမ်ရောဂါကြောင့် ခွင့်ယူပြီးမလာနိုင်ဘဲ ရှေ့နေဖြစ်သူပဲလာရောက်ခဲ့ပါတယ်။
“ အခုအချိန်မှာ အမှုအကြောင်းက ဘာမှပြောလို့မရသေးဘူး။ တရားလိုကို အပြန်အလှန်စစ်ဆေးဖို့တွေ ရှိသေးတယ်။ သက်သေခံတင်သွင်းတာနဲ့ ပတ်သက်ပြီး တရားရုံးကဆုံးဖြတ်ရဦးမယ်။ ကိုဝေဠုကတော့ သက်သာနေပါပြီ။ အစာအိမ်ဖြစ်တာပါ” လို့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးဝေဖြိုးမြတ်ကပြောပါတယ်။
ဝေဠုကျော်ဘက်မှ တရားလိုဖြစ်သူသင်းသင်းတို့အား မီဒီယာများမှာ အင်တာဗျူးဖြေဆိုတဲ့အခါမှာ သူတို့အကြောင်းကို မပြောရန်ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့ သင်းသင်းကပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်က ကျမတို့ကိုပြောပါတယ်။ သူ့အကြောင်းကိုမပြောပါနဲ့ပြောပါတယ်။ အဲ့တော့ ကျမတို့ဘက်ကဖြေသွားရင် တပတ်တပတ် ရုံးမှာတင်ခဲ့တဲ့အကြောင်းကိုပြောပါတယ်။ ပြီးရင်ကျမတို့ရှေ့နေကလည်း ဘယ်သူမှထိခိုက်အောင် မပြောပါဘူး” လို့ သင်းသင်းကပြောပါတယ်။
ထပ်မံပြီးတော့လည်း သင်းသင်းက တဖက်ကရှေ့နေဖြစ်သူအား “ လက်ထပ်မယူဘဲနဲ့ ကာမပေးတဲ့မိန်းမက မကောင်းတဲ့မိန်းမပဲ ရှိပါတယ်။ နောက်တခုက တဖက်ကရှေ့နေ သူ့ကိုမွေးထားတဲ့မိဘက လက်ထပ်ယူပါမယ်ပြောလို့ သူ့ရဲ့ကာမကို ပေးခဲ့တာမှတ်လား။ အဲ့လိုမျိုးပေးခဲ့လို့ သူတို့ကိုမွေးခဲ့တာမဟုတ်ဘူးလား”
“ နောက်ပြီး ပြည့်တန်ဆာတောင်မှ ပိုက်ဆံမပေးရင် ကာမကိုပေးကြလား။ လူကျင့်ဝတ်ဂုဏ်သိက္ခာတွေအရ ဘယ်မိန်းမကလေးကမှ ကိုယ့်ရဲ့ကာမကို အလကားမပေးပါဘူး။ အဲဒါလေးပြောချင်တာပါ” လို့ပြောပါတယ်။
နောက်တကြိမ်ရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၁ရက်နေ့ကို ချိန်းဆိုခဲ့ပြီး သက်သေခံအသံဖိုင်များကို တရားရုံးက လက်ခံ မခံကို အမိန့်ချသွားမှာဖြစ်ပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“အသံဖိုင် မှတ်တမ်းက အရေးကြီးလို့ တင်တာပါ”လို့ သင်းသင်းရဲ့ ရှေ့နေ ပြော
“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော
“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း