သရုပ်ဆောင် လူမင်းက ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးနေတဲ့ “ညစ်တွန်း”ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို အိန္ဒိယနိုင်ငံကနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝယ်ယူထားပြီး စိတ်တိုင်းကျ ရိုက်ကူးထားတယ် လို့ ဆိုပါတယ်။
“ကျနော် ညစ်တွန်းဇာတ်ကားမှာ တက္ကစီမောင်းတဲ့လူကြီးတယောက်၊ ဘာကိုမှ အကောင်းမမြင် တတ်တဲ့လူကြီး တယောက်ပေါ့။ ညစ်နေတဲ့လူ အားအားရှိ ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး ထီထိုးပြီး ထီမပေါက်ရင်တောင် ထီဆိုင်ကိုသွားပြီး ပြဿနာရှာတဲ့လူမျိုးဆိုတော့ အဲ့ဒီလိုရုပ်ပေါက်အောင်လုပ်ထားပါတယ်”
“ကျနော်ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီးရိုက်တဲ့ ကားတွေဆိုရင် ကျနော်ကိုယ်တိုင် ရူးသွပ်ပြီးတော့ တင်ဆက်ချင်ဖန်တီးချင် တာတွေ ဖန်တီးခွင့်ရမှ ကျနော်ရိုက်ကူးတာများတယ်။ ဒီမှာကလည်း ဇာတ်ညွှန်းပိုင်းအားနည်းနေတာရယ်။ သူတို့ အိန္ဒိယကားတွေ ကောင်းတယ်ဆိုတာ ဘာကောင်းတာလည်း သိချင်တယ်။ သူတို့ ဇာတ်ညွှန်းကိုလေ့လာချင်လို့ ကျနော်ကိုယ်တိုင်ရိုက်ကြည့်ရင် ဘယ်လောက်ခက်မလဲဆိုတာကို လေ့လာသင်ယူချင် လို့ ရိုက်ကြည့်တာပေါ့”
“အဲ့လိုရိုက်ရင် ပရိသတ်လည်း မတူတဲ့ အရသာတခုကိုရမယ်ပေါ့။ အဲ့လို စိတ်နဲ့ဝယ်ပြီးရိုက်ဖြစ် တာပါ။ “ညစ်တွန်း”ကားက အိန္ဒိယက ဇာတ်ညွှန်းကို တရားဝင်ခွင့်ပြုချက်ယူပြီးမှ မြန်မာမှုပြု ဖြည့်စွက်ပြင်ဆင်ပြီးမှ ရိုက်တာပါ။ ကိုယ်တိုင် ပရိုဂျူဆာ ဒါရိုက်တာဆိုတော့ စိတ်တိုင်းကျရိုက်ထားတယ်။ ဒီကားလေးရိုက်ကူးထားတာကတော့ တနှစ်ကျော်ပြီ။ ၁၀၀ရာခိုင်နှုန်းတော့ စိတ်တိုင်းကျပါတယ်”လို့ လူမင်းက ပြောပါတယ်။
“ညစ်တွန်း”ဇာတ်ကားကို သိန်းနှစ်ထောင်ကျော် သုံးပြီးရိုက်ကူးထားတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဒါရိုက်တာ လူမင်းက ညစ်တွန်းဇာတ်ကားက အရသာသစ်အဆန်းဖြစ်တာကြောင့် ပရိသတ်တွေကို ကြည့်စေချင်တယ်လို့ဆိုပါတယ်။
“အိန္ဒိယ ကားတွေက ဇာတ်ညွှန်းအရမ်းကောင်းတယ်။ သူတို့ဆီက ဘက်ဂျက် က ကျနော်တို့ဆီက ဘက်ဂျက်နဲ့ မိုးနဲ့မြေကွာတာကို သူတို့ကားတွေ ကြည့်ပြီးသူတို့ ထက်ပိုပြီးမလုပ်နိုင်တာတွေ တော့ရှိတယ်။ ညစ်တွန်းဇာတ်ကားကိုတော့ ဘက်ဂျက် သိန်းနှစ်ထောင်ကျော်ကျော်သုံးထားတယ်။ ကျန်စစ်မင်းကို ရိုက်ခဲ့တဲ့ ဘက်ဂျက်ကိုမမှီသေးဘူး”
“ကျနော်ထုတ်လုပ်တဲ့ကားတိုင်းကို ကျနော်စိတ်ပိုင်းဖြတ်ထားတာက ဒီပိုက်ဆံတွေလည်း ပရိသတ်တွေဆီက ရတဲ့ ပိုက်ဆံနဲ့ပဲရိုက်တာဆိုတော့ ကားကောင်းတကားပရိသတ်ရှေ့ကို ပြန်ချပြလိုက်ရရင်ကိုပဲ ကျနော်ကကျေနပ်ပြီ၊ ပြန်မြတ်တာ ၊ရှုံးတာကတော့ ကံပဲပေါ့။ ဒီညစ်တွန်းကားလေးကို ကြည့်စေချင်တယ်။ ဒါရိုက်တာပိုင်းမှာလည်းတော်တော် ကြိုးစားထားတယ်။ ပရိသတ်တွေအတွက်လည်း အရသာအသစ်အဆန်းမို့ ကြည့်စေချင်တယ်”လို့ လူမင်းကပြောပါတယ်။
“ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင် အကယ်ဒမီလူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့က အဓိက ပါဝင်ထားပါတယ်။
You may also like these stories:
“မင်းသား၊ မင်းသမီးတွေရဲ့ ပါရမီဖြည့်ဖက်တွေက ပိုပြီးတော့ ခံနိုင်ရည်ရှိရမယ်”လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော
ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော