ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့အမှုမှာတော့ ဝေဠုကျော်ဘက်မှ သင်းသင်းအား သွားရောက်ညှိနှိုင်းမှုများရှိနေခဲ့တယ်ဆိုတဲ့ စကားများထွက်ပေါ်နေတဲ့အပေါ် ဝေဠုကျော်က အမှုအတွက် ညှိနှိုင်းခဲ့တာမျိုး ရှိခဲ့ရင် သက်သေပြပါလို့ ပြောခဲ့ပါတယ်။
“အမှုဆိုတာကတော့ ဖြစ်လာပြီဆိုရင် ရုံးမှာရှင်းကြရမှာပဲလေ။ ရုံးရဲ့ဆုံးဖြတ်ချက် တရားရုံးရဲ့ဆုံးဖြတ်ချက်အမှန်ပဲပေါ့။ တခုတော့ရှိတယ်ဗျ။ သူငယ်ချင်းတွေက လာပြောတဲ့အပေါ်မှာ ကျနော့်ဘက်က သွားညှိတယ်၊ ညှိတယ်ဆိုတဲ့စကား ကိုတော့ ကျနော်မညှိပါဘူး။ တကယ်ညှိတယ်ဆိုရင် သက်သေနဲ့ထုတ်ပြပါ။ ကျနော့်ဘက်က ညှိတာမရှိပါဘူး။ လုပ်ဖို့လည်းမရှိပါဘူး။ အမှန်အမှားက တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်” လို့ ဝေဠုကျော်ကပြောပါတယ်။
အမှုဖြစ်လာပြီဆိုတဲ့အချိန်မှာတော့ တရားရုံးမှာရှင်းကြရမှာဖြစ်ပြီး ညှိနှိုင်းတာမျိုးတော့လုပ်မှာ မဟုတ်ဘဲ အမှန်အမှားကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်လို့ ဝေဠုကျော်ကပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၉ရက်နေ့မှာချိန်းဆိုခဲ့တဲ့ တရားရုံးချိန်းမှာတော့ ဝေဠုကျော်ဘက်မှ လျှောက်လွှဲချက် တင်ကန့်ကွက်ထားတဲ့ တရားလိုပြသက်သေများကို တရားရုံးက ဆက်လက်တင်သွင်းခွင့်ပြုတယ်လို့ အမိန့်ချခဲ့ပါတယ်။
ဝေဠုကျော်အနေနဲ့လည်း တရားရင်ဆိုင်နေစဉ်အချိန်အတွင်း ကျန်းမာရေးအခြေအနေကြောင့် ရုံးကိုခွင့်တင်ခဲ့ရတာ တွေလည်းရှိခဲ့တဲ့အတွက် သူ့ရဲ့ကျန်းမာရေးအခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။
“ကျန်းမာရေးကတော့ အစာအိမ်ကိုမှန်ပြောင်းကြည့်ပြီးပြီ။ အထဲမှာဗိုင်းရပ်စ်တခုရှိတဲ့အတွက် အစာအိမ်ရောင်နေတာပါ အဲဒါတော့ကုရမှာပါ။ အချိန်ယူပြီးကုရမယ်။ ဆေးစားရမယ်။ ပြီးရင်တော့ ပြန်စစ်ရမယ်။ ရုံးချိန်းပျက်တာက ကျနော်ခွင့်တိုင်တာပဲ။ ကျနော်ဆေးရုံပေါ်ရောက်နေတဲ့အတွက်” လို့ ဝေဠုကျော်ကပြောပါတယ်။
နောက်တကြိမ်ရုံးချိန်းမှာလည်း တရားလိုပြသက်သေများဖြစ်တဲ့ အသံဖိုင်များကိုဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You May Also Like These Stories:
“အသံဖိုင် မှတ်တမ်းက အရေးကြီးလို့ တင်တာပါ”လို့ သင်းသင်းရဲ့ ရှေ့နေ ပြော
“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း
“အမှုက အချိန်တန်ရင် ပြီးသွားမှာပါ”လို့ သရုပ်ဆောင် ဝေဠုကျော် ပြော