Lifestyle

မြန်မာဆိုင်ကယ်သမား နှစ်ယောက်ရဲ့ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံ အပြန်ခရီး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ မိုင်ပေါင်း ၃၀,၀၀၀ ကျော် ဆိုင်ကယ်မောင်းကာ ခရီးနှင်ခဲ့ကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွမ်ဖတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိခဲ့ကြပါတယ်။ သူတို့ နှစ်ဦးဟာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာခဲ့တဲ့ ၃ လမြောက်မှာပဲ အင်္ဂလန်နိုင်ငံကို ရောက်ရှိခဲ့ကြပါတယ်။

သူတို့ဖြတ်သန်းခဲ့ရာ နိုင်ငံတလျှောက်က ပြည်သူတွေကလည်း သူတို့ နှစ်ဦးရဲ့ ဆိုင်ကယ်ခရီးစဉ်ကို ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံကို သွားရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ဖြတ်သန်းခဲ့ရပြီး ၁၉ နိုင်ငံမြောက်ဖြစ်တဲ့ အင်္ဂလန်နိုင်ငံကို အောင်မြင်စွာ ရောက်ရှိခဲ့ကြပါတယ်။ ခရီးလမ်း တလျှောက်မှာလည်း မြန်မာမိသားစုဝင်တွေက သူတို့ နှစ်ဦးကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။

အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီးနောက်မှာတော့ လန်ဒန်အခြေစိုက် မြန်မာသံရုံးက မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူတို့ နှစ်ယာက်ကို ဖိတ်ကြားခဲ့ပြီး Charles လမ်းက မြန်မာသံရုံးမှာ စက်တင်ဘာ ၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့ကြစဉ်မှာ ခရီးလမ်းတလျှောက်က အကြောင်းအရာများကို ပြန်လည်ဝေမျှခဲ့ပြီး သံအမတ်ကြီးကလည်း သူတို့ နှစ်ဦးကို လက်ဆောင်ပစ္စည်းတွေ ပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အင်္ဂလန်ကနေ မြန်မာနိုင်ငံကို စက်တင်ဘာ ၈ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

အပြန်ခရီးကိုလည်း ဆိုင်ကယ်နဲ့ ပြန်လာခဲ့တာဖြစ်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံ၊ စက်တင်ဘာ ၁၄ ရက်နေ့မှာ စပိန်နိုင်ငံနဲ့ ဒီနေ့မှာတော့ အီတလီနိုင်ငံကို ရောက်ရှိနေပါပြီ။

သူတို့ နှစ်ဦးရဲ့ အခုခရီးစဉ်ဟာ လွယ်ကူတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်အတွက် သူတို့ နှစ်ဦးဟာ ၃ နှစ်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ရပြီး နိုင်ငံဖြတ်ကျော်ခွင့် ရနိုင်ဖို့ သက်ဆိုင်ရာစာရွက် စာတမ်းတွေရအောင် ၈ လကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

အခုဆိုရင်တော့ သူတို့ နှစ်ယာက်ရဲ့ခရီးက ကမ္ဘာ့သမိုင်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ သမိုင်းဝင်ခရီးစဉ်ဖြစ်တဲ့ ဒီလိုခရီးစဉ်မျိုးကို ၁၉၅၅ ခုနှစ်ကလည်း ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံ နှစ်ယောက်က မောင်းနှင်ခဲ့ကြပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading