လမ်းသွားရင်း ဖုန်းအသုံးပြုကြတာဟာ အခုနောက်ပိုင်းမှာ သိပ်အဆန်းတကြယ် မဟုတ်တဲ့ကိစ္စ ဆိုပေမယ့် လူသွားလူလာများတဲ့ နေရာတွေနဲ့ ကားတွေရှုပ်ထွေးတဲ့ နေရာမျိုးမှာဆိုရင်တော့ အန္တရာယ်ရှိတဲ့ ကိစ္စတခုပါ။
ယူကေနိုင်ငံ၊ မန်ချက်စတာမြို့မှာတော့ လမ်းသွားရင်း ဖုန်းအသုံးပြုတတ်သူတွေ အန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့အတွက် Mobile Safe Lanes လို့ခေါ်တဲ့ လူသွားလမ်းတွေကို ဖန်တီးပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒီ Mobile Safe Lanes လူသွားလမ်းတွေဟာ ယူကေနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ဖန်တီးပြုလုပ်ပေးလိုက်တဲ့ လမ်းဖြစ်ပြီး နည်းပညာရှင်တဦးက ဒီဇိုင်းဖန်တီးရေးဆွဲကာ အကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလူသွားလမ်း စတင်ဖန်တီးလိုက်တဲ့ အချိန်ကနေ စတင်ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အပတ်တိုင်း အပတ်တိုင်း လူဦးရေ သောင်းချီကျော်ဟာ ဖုန်းသုံးရင်း ဒီလမ်းကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။
ဒီလူသွားလမ်းကို အသုံးပြုတဲ့အတွက် ယာဉ်မတော်တဆမှု အန္တရာယ်တွေကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ဖုန်းသုံးရင်း လမ်းလျှောက်တဲ့အခါ တဦးနဲ့တဦး မတော်တဆ တိုက်မိတာမျိုးကနေလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလူသွားလမ်းရဲ့အရှည်ကတော့ ၂၄၇ ပေခန့်ရှည်လျားတာဖြစ်ပြီး ဘေးချင်းကပ် နှစ်လမ်းသွားပုံစံလည်း ဖြစ်ပါတယ်။
မန်ချက်စတာမြို့ရဲ့ လူသွားလူလာရှုပ်ထွေးပြီး စားသောက်ဆိုင်တွေ၊ ကုမ္ပဏီရုံးခန်းတွေနဲ့ ပြည့်နှက်နေတဲ့ Spinningfields နယ်မြေမှာ ဖန်တီးထားရှိပေးတဲ့အတွက်ကြောင့်လည်း လမ်းလျှောက်ရင်း ဖုန်းသုံးချင်သူတွေအတွက် အဆင်ပြေနေပါတယ်။
The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ဒီ Mobile Safe Lanes လမ်းတွေဟာ ခြေကျင်သွားလာပြီး ဖုန်းသုံးချင်သူတွေအတွက် အဆင်ပြေတာမှန်ပေမယ့် ဒီလမ်းကို အသုံးပြုနေတဲ့ လူဦးရေ ၃၈ ရာခိုင်နှုန်းခန့်ဟာတော့ ခုချိန်ထိ တဦးနဲ့တဦး ဝင်တိုက်မိနေတုန်းပဲလို့ ဆိုပါတယ်။ ဒီလိုမျိုး ဖုန်းသုံးရင်း လမ်းသွားနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ လမ်းတွေကို တရုတ်နိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်လောက်တုန်းက ပြုလုပ်ပေးခဲ့ဖူးပါတယ်။
Ref. www.mirror.co.uk
You may also like these stories:
ဖုန်းကနေထွက်ရှိတဲ့ အပြာရောင်အလင်းတွေဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ကို ထိခိုက်စေနိုင်
ဖုန်း Application တွေအတွက် ကမ္ဘာလုံးဆိုင်ရာ အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလျံ ရှိနေ
လက်ကိုင်ဖုန်းကနေ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အတိုင်းအတာ