Lifestyle

"အသံဖိုင်တွေကို ပရိသတ်တွေ လွတ်လပ်စွာ နားထောင်လို့ ရပါတယ်"လို့ သင်းသင်းပြော

Want create site? Find Free WordPress Themes and plugins.

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ သက်သေများအဖြစ် နှစ်ဦးသားနဲ့ ပတ်သက်တဲ့ အသံဖိုင်များကို တရားရုံးသို့ တင်သွားထားပြီး အဆိုပါ အသံဖိုင်များအတွက်လည်း ယုံကြည်မှု အပြည့်အဝ ရှိတယ်လို့ ဆိုပါတယ်။

“ကျမ ဒီရုံးကို စတက်ကတည်းက အမှန်တရားတခုနဲ့ သွားတယ်။ ကျမမှာ ဘာအင်အားမှ မရှိဘူး။ တိုက်ခိုက်ဖို့အတွက်လည်း ဘာအင်အားမှ မရှိဘူး။ ကျမက အမှန်တရားလေးကိုပဲ အားကိုးပြီးသွားတော့ ကျမ တင်လိုက်တဲ့ ဖိုင်တွေအားလုံးကို ယုံကြည်မှု ရှိတယ်။ နေ့တိုင်း ထွက်ဆိုထားတဲ့ အသံဖိုင်အားလုံးက အားလည်းဖြစ်တယ်။ ကိုယ်က ဒီတခုပဲ အားကိုးရတော့ ဒီဟာအတွက် အပြည့်အဝ ယုံကြည်ပြီးသားပါ” လို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ သက်သေခံ အသံဖိုင်များကိုတော့ ဝေဠုကျော်ဘက်က လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့ပေမယ့် တရားရုံးတော်က ပြန်လည် ပယ်ချတဲ့အတွက် အခုအချိန်မှာ ဆက်လက် စစ်ဆေးခွင့်ရတာ ဖြစ်ပါတယ်။

“ကိုယ်နဲ့တွဲတဲ့ အချိန်တုန်းက သူက မင်းသားတယောက် ဆိုတာကို မေ့နေတယ်။ အခုအချိန်မှာ အသံဖိုင်တွေ ပြန်နားထောင်တော့ သူက မင်းသားတယောက်လို ဒရာမာချိုးသွားတဲ့ ဇာတ်လမ်းတပုဒ်ကို ပြန်နားထောင်လိုက်ရသလိုပါပဲ”လို့ သင်းသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ရုံးချိန်းက စစ်ဆေးခဲ့တဲ့ အသံဖိုင် အကြောင်းအရာများကို နားထောင်တဲ့ သတင်းနဲ့ ပတ်သက်ပြီး အွန်လိုင်း Page အတုများက အဓိပ္ပာယ်ပြောင်းလဲအောင် ရေးသားတဲ့ ကိစ္စကိုလည်း သင်းသင်းက ပြန်လည်ပြောခဲ့ပါတယ်။

“ပြီးခဲ့တဲ့အပတ်က Page အတုတွေကနေ တက်လာတဲ့ သတင်းထဲမှာ တရားသူကြီးက နားမထောင်ရဲလို့ဆိုပြီး အသံဖိုင်ကို ပိတ်လိုက်ရတယ်ဆိုပြီး တက်လာပါတယ်။ အမှန်တော့ အဲ့လို မဟုတ်ပါဘူး။ အသံဖိုင်နားထောင်တယ်ဆိုတာ အချိန်ရှိတယ်”

“ဒီနေ့လည်း ၁ နာရီခွဲ နားထောင်တယ်၊ အချိန်ပြည့်သွားလို့ ရပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း အားသွင်းကြိုးက အားသွင်းတာကုန်သွားလို့ ၁ နာရီလောက်ပဲ နားထောင်လိုက်ရတယ်။ အဲဒါပါပဲ။ ဒါတွေကလည်း ကိုယ့်ကို တိုက်ခိုက်နေတဲ့ အများကြီးထဲကပါပဲ။ ဒီကိစ္စကကျတော့ တရားသူကြီးပါ ပါလာတဲ့အတွက်ပြန်ပြောလိုက်တာပါ” လို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ သက်သေခံအသံဖိုင်များကိုလည်း အမှားအမှန် ခွဲခြားနိုင်အောင် တရားရုံးသို့ လာရောက်ပြီး လူအများလာရောက် နားထောင်လို့ရတယ်လို့လည်း သင်းသင်းက ဖိတ်ခေါ်ခဲ့ပါတယ်။

“အသံဖိုင်ကတော့ မီဒီယာတွေလည်း အစအဆုံး နားထောင်ရတယ်။ တကယ်လို့ နားထောင်ချင်ကြတယ်။ အဖြစ်မှန်ကို သိချင်ကြတယ်ဆိုရင်လည်း ပရိသတ်တွေအားလုံး ရုံးချိန်းတိုင်းမှာ လွတ်လပ်စွာ လာရောက်ပြီးတော့ အသံနဲ့ ပတ်သက်လို့ နားထောင်လို့ ရပါတယ်ဆိုတာကို ဖိတ်ခေါ်ပါတယ်။ ပရိသတ် အကုန်လုံးပါပဲ”

“ကျမ Fan၊ သူ့ Fan ရယ်လို့ မဟုတ်ပါဘူး။ အဲဒါမှ အဖြစ်မှန်ကို သိမှာပါ။ လေလှိုင်းထဲက စကားကတော့ အမှန် ၁ ခုဆို အမှားက ၁၀ ခုလောက် ဖြစ်နေတာ။ အဲဒါကို လိုက်ရှင်းပြဖို့က မဖြစ်နိုင်ဘူး” လို့ သင်းသင်းကပြောပါတယ်။

အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading