အရှေ့တောင်အာရှရဲ့ ထိပ်တန်းနေ့စဉ်သုံး Super App ဖြစ်တဲ့ Grab က သူ့ရဲ့ ၁၀ ခုမြောက် GrabKitchen ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာက ဖွင့်လှစ်လိုက်ပြီး အဲဒီ GrabKitchen ဟာ စားသုံးသူတွေ ဆိုင်တွင်းမှာ ဝင်ရောက်စားသုံးနိုင်တဲ့ ပထမဆုံးသော Kitchen ဖြစ်ပါတယ်။
ကျန်တဲ့ GrabKitchen အားလုံးကတော့ Delivery ပဲ ရရှိတာဖြစ်ပြီး GrabKitchen ဆိုတာက တနေရာတည်းမှာ စားသောက်ဆိုင်ပေါင်းများစွာ ဖွင့်ပြီး အစားအသောက်မျိုးစုံ မှာယူ ရရှိနိုင်တဲ့ နေရာတခုပဲ ဖြစ်ပါတယ်။
သူ့ရဲ့အားသာချက်က Grab သုံးစွဲသူတွေအနေနဲ့ GrabKitchen မှာ ရှိနေတဲ့ ဆိုင်ပေါင်းများစွာက အစားအသောက် အမည်ပေါင်းများစွာကို ပို့ဆောင်ခ သက်သက်သာသာနဲ့၊ အချိန်တိုတိုကြားမှာ မှာယူစားသောက်နိုင်တာဖြစ်ပြီး အစားအသောက် ပို့ဆောင်ပေးတဲ့သူတွေအနေနဲ့လည်း ပိုများတဲ့ အစားအသောက်အော်ဒါတွေကို တနေရာတည်းမှာ လာယူပြီး ပို့ဆောင်ပေးရတာမို့ အချိန်ကုန် သက်သာစေတာပဲ ဖြစ်ပါတယ်။
GrabKitchens တွေဟာ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် လုပ်ငန်းတိုးချဲ့ရာမှာ အထောက်အကူ တခု ဖြစ်လာပါတယ်။
“ကျနော်တို့ စားသောက်ဆိုင်ကို ဆိုင်ခွဲတွေ ထပ်ဖွင့်ချင်ရင် အရင်းအနှီး သိပ်များပါတယ်။ ဒီလို GrabKitchen တွေ ရှိလာတဲ့အတွက် တက်လာတဲ့ အော်ဒါတွေနဲအတူ ဆိုင်ခွဲတွေကိုလည်း ဒီပလက်ဖောင်းအကူအညီနဲ့ လုပ်ငန်းလည်ပတ်စရိတ် နည်းနည်းနဲ့ အလွယ်တကူ ဖွင့်နိုင်လာပါတယ်” လို့ အင်ဒိုနီးရှားမှာ ရောင်းအားအကောင်းဆုံးထဲက စားသောက်ဆိုင်တဆိုင်ဖြစ်တဲ့ Bebek Kepahiang Babase (BKB) ပိုင်ရှင် Mr Erik Susanto က ဆိုပါတယ်။
ဒီလို GrabKitchen တွေကတဆင့် လုပ်ငန်းငယ်တွေကို ပံ့ပိုးပေးလျက်ရှိတဲ့ Grab ဟာ နောက်ထပ်ခြေလှမ်းတခုအနေနဲ့ ဒီအောက်တိုဘာလအတွင်းမှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ GrabKitchen ကိုယ်စီ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မကြာခင်မှာ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဆက်လက်တိုးချဲ့မယ်လို့ သိရပါတယ်။
Grab အနေနဲ့ သူ လုပ်ကိုင်နေတဲ့နိုင်ငံတိုင်းမှာ နိုင်ငံရဲ့ လိုအပ်ချက်တွေအလိုက် သူ့ရဲ့ ဝန်ဆောင်မှုတွေကို ချိန်ညှိ လုပ်ဆောင်ပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း မားကတ်ရဲ့လိုအပ်ချက် တောင်းဆိုချက်အတိုင်း သူ့ရဲ့ ဝန်ဆောင်မှု အမျိုးအစားတွေကို တိုးချဲ့မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
လတ်တလောတော့ Grab Myanmar ဟာ သူ့ရဲ့ ရည်မှန်းချက်တွေအတိုင်း မြန်မာလူမျိုးတွေအတွက် ဒစ်ဂျစ်တယ်အသိပညာတိုးတက်ရေးနဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းကတဆင့် လူတိုင်း အကျိုးခံစားခွင့်ရစေဖို့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဏက တဆင့် လုပ်ဆောင်ပေးနေပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ စမိတ်ဆက်တုန်းက ဒီဖုန်းထဲက App ကနေ ကားငှားလို့ ရတယ်ဆိုတာ Concept အသစ်ပဲ။ အဲဒီလို အသစ်ကနေ အခုဆိုရင် ဒီပလက်ဖောင်း အသုံးပြုပြီး ယာဉ်ငှားတဲ့ အလေ့အထက ကြီးထွားလာပြီ။ ခရီးသည်တွေလည်း များလာပြီ။ အကြီးဆုံး ယာဉ်မောင်း ကွန်ရက်တခုလည်း ဖြစ်လာပြီ။ စစချင်းတုန်းကဆို ယာဉ်မောင်းအများစုက ဘဏ်အကောင့် မရှိကြဘူး။ အခုတော့ App ကနေ ငွေသွင်းငွေထုတ် နေ့စဉ် ဒစ်ဂျစ်တယ် အသုံးပြုရတဲ့သူတွေ ဖြစ်လာပြီ” လို့ Grab Myanmar ရဲ့ Head of Business Development ဖြစ်တဲ့ ကိုမင်းထွန်းလှမော်က ပြောပါတယ်။
ဒါ့အပြင် လူတွေရဲ့ နေ့စဉ်ဘဝက အဆင်မပြေမှုတွေ၊ လိုအပ်ချက်တွေအပေါ် နည်းပညာအသုံးပြုပြီး ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်းတွေနဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်လို့ ဝန်ဆောင်မှုအသစ်တွေလည်း ရှိလာမယ်လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဒီနှစ်အကုန်အတွင်း နောက်ထပ် GrabKitchen ၅၀ ထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
Grab ရဲ့ “Grab for Good” အစီအစဉ်နဲ့ မသန်စွမ်းသူများအတွက် အကူညီပေးမယ့် စီမံချက်
Grab က ချစ်သူများနေ့အတွက် စိတ်လှုပ်ရှားဖွယ် ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်
Uber ရဟတ်ယာဉ်တက္ကစီ ဝန်ဆောင်မှုကို နယူးယောက်တွင် စတင် အသုံးပြုနိုင်ပြီ
အစားအသောက်တွေကို ဒရုန်းနဲ့ လိုက်ပို့ပေးတော့မှာ ဖြစ်ကြောင်း Uber ပြောကြား